Indrew

မိုးညိုဝိနိစ္ဆယမှတ်တမ်းဓာတ်ပုံများ

In အဆုံးအဖြတ်များ/၀ိနိစ္ဆယများ on February 13, 2010 at 6:42 am

ရဟန္တာစစ်တမ်း

In အဆုံးအဖြတ်များ/၀ိနိစ္ဆယများ on November 14, 2009 at 2:33 pm

မေး။ ။ ယခုခေတ်တွင် ရဟန္တာဖြစ်နိုင်ပါသေးသလား၊ ကျမ်းအကိုးအကားဖြင့် ဖြေကြားပေးပါရန်နှင့် ရဟန္တာ ဟုတ်-မဟုတ်၊ ဘယ်လို စမ်းသပ်ရပါမည်နည်း၊ ပညာရှင်များ ဖြေကြားပေးတော်မူကြရန် ဖြစ်ပါသည်။ ( သိလိုသူတဦး )

ဖြေ။ ။ ယခုခေတ်တွင် ရဟန္တာ ဖြစ်နိုင်သေးသလားဟူမူ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခါနီး သုဘဒ္ဒပရိဗိုဇ် မေးမြန်းသဖြင့် ဖြေကြားတော်မူအပ်သော-ဣမေ စ သုဘဒ္ဒ ဘိက္ခူ သမ္မာဝိဟရေယျုံ၊ အသုညော လောကော အရဟန္တေဟိ အဿ။ (ဒီ-၂-၁၂၅) သုဘဒ်ပရိဗိုဇ် ဤရဟန်းအပေါင်းတို့သည်ကား ကောင်းစွာနေထိုင်ကုန်ငြားအံ့ ဤသို့နေထိုင်ကြမူ လောကသည် ရဟန္တာတို့မှ မဆိတ်သုဉ်းသည်ဖြစ်ရာ၏-ဟူသော ပဋိပတ်စွမ်းအင်ပြ နိပ္ပရိယာယ မုချစကားတော်အရ ယခုခေတ်တွင်လည်း ရဟန္တာများ ဖြစ်နိုင်ပေသေးသည်။

( ရဟန္တာ ဟုတ်-မဟုတ် စမ်းသပ်နည်း )

ယခုခေတ်တွင် ရဟန္တာများ ဖြစ်နိုင်သေးသည်ဆိုသော်လည်း ရဟန္တာစစ်-မစစ် စမ်းသပ်ဖို့ စုံစမ်းဖို့အရေးမှာ အလွန်မှ သိမ်မွေ့နက်နဲလှပါသည်။ အဘယ့်ကြောင့်ဆိုသော် ရဟန္တာအစစ်သည် စိန်ရွှေပတ္တမြား အပြည့်ထည့်ထားသော ရတနာအိုးကို ရရှိထားသော ယောက်ျားကဲ့သို့ သူတပါးအား ၀ါကြွားပလွှားရာ ကျမည်စိုး၍ မိမိရရှိထားသော အရဟတ္တဖိုလ် ဓမ္မရတနာကို မပြလို၊ မပြောလိုသောကြောင့်၎င်း၊ လူသာမဏေတို့အား ဈာန်မဂ်ဖိုလ်တရားတို့ကို မပြောကြားရဟု သိက္ခာပုဒ်ပညတ်ထားသောကြောင့်၎င်း ဤမျှသိမ်မွေ့နက်နဲခြင်း ဖြစ်ပါသည်။ ( ဒီ-ဋ္ဌ ၂-၂၇၀၊ ၀ိ-၂-၃၇ )။

ဤတွင် သိနိုင်ခဲပုံဝတ္ထုတပုဒ် ထုတ်ပြပါမည်။ တခါက စိတ္တလတောင်တွင် သီတင်းသုံးနေတော်မူသော ရဟန္တာမထေရ်ကြီးတပါးသည် အလုပ်အကျွေး တောထွက်ရဟန်းကြီးတပါးနှင့် အတူ ဆွမ်းခံထွက်ခိုက် မထေရ်ကြီး၏ သပိတ်သင်္ကန်းကို ယူလျက် နောက်ကလိုက်နေသော တောထွက်ရဟန်းကြီးက-အရိယာဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ-ဟု မထေရ်ကြီးကို မေးလေ၏။ မထေရ်ကြီးက တချို့ပုဂ္ဂိုလ်များသည် အရိယာနှင့် အတူနေ အရိယာတို့၏ သပိတ်သင်္ကန်းကို ယူလျက် အရိယာတို့ကို ၀တ်ကြီးဝတ်ငယ် ပြုနေရသော်လည်း အရိယာမှန်း မသိနိုင်လောက်အောင် အရိယာဆိုသည်မှာ အသိခက်လှပေ၏-ဟု မိန့်တော်မူ၏။ သိုပသော် တောထွက်ကိုယ်တော်ကြီးကား မသိရှာ၊ နီးကပ်စွာ နေရသော်လည်း ဉာဏ်ပညာရှိသူမှသာ သိနိုင်ပေမည်။( ဒီ-ဋ္ဌ ၂-၃၆၄၊ မ-ဋ္ဌ ၁-၂၃၊ သံ-ဋ္ဌ ၂-၂၃၂၊ စူဠနိ-ဋ္ဌ ၇၁)

ရဟန္တာစစ်-မစစ် သိဖို့က အရေးကြီးသလား မေးငြားအံ့၊ အရေးကြီးလှပေသည်။ နိန္ဒိယပသံသာယ ဟိ ပသံသိယ နိန္ဒာယ စ သမကောဝ ၀ိပါကော။( သံ-ဋ္ဌ ၁-၁၉၇ ) ဟူသည်နှင့်အညီ ကဲ့ရိုက်ထိုက်သူကို ချီးမွမ်းမိခြင်းနှင့် ချီးမွမ်းထိုက်သူကို ကဲ့ရဲ့မိခြင်းကား အပြစ်အတူတူပင် ဖြစ်ရကား အလဇ္ဇီရှင်ရဟန်းကို ရဟန္တာမှတ်ပြီး ပူဇော်လှူဒါန်းနေလျှင် သာသနာတော်ကို ကူ၍ ဖျက်ရာရောက်ပေမည်။ ရဟန္တာကို ကဲ့ရဲ့စွပ်စွဲမိလျှင်လည်း အရိယူပ၀ါဒကံကြီး ထိုက်ပေတော့မည်၊ သို့အတွက် ဗုဒ္ဓဘာသာဝင်များ ဉာဏ်နှင့်ယှဉ်၍ စဉ်းစားချဉ်းကပ်ကြမှ တော်ပေမည်။

ရဟန္တာ စစ်-မစစ် စမ်းသပ်စစ်ဆေးပုံကို ဆိုပါတော့မည်။ မိမိကိုယ်ကို ရဟန္တာဟု ၀န်ခံလာသူကို စမ်းသပ်စစ်ဆေးနည်းကို မြတ်ဗုဒ္ဓ အတိအကျ ညွှန်ကြားထားချက်ရှိပါသည်။ တရားထူးရသည်ဟု ၀န်ခံလာသူအား (၁) ကိံ တေ အဓိကတံ-အဘယ်တရားထူးကို ရသနည်း၊ ဈန်ကိုရသလား၊ မဂ်ကို ရသလား၊ ဤသို့ ရအပ်သော တရားထူးကို၎င်း။ (၂) ကိန္တိ တေ အဓိဂတံ-အနိစ္စ စသော လက္ခဏာသုံးပါးတွင် ဘယ်လက္ခဏာကို ပဓာနပြု၍ ရသနည်း၊ တနည်း။ သမထ ၀ိပဿနာ နှစ်မျိုးတွင် အဘယ်ကိုနှလုံးသွင်း၍ ရသနည်း။ ဤသို့ ရခြင်း၏အကြောင်းကို၎င်း။ (၃) ကဒါ တေ အဓိကတံ-ဘယ်အချိန်မှာ ရသနည်း၊ နံနက်မှာလား၊ နေ့ခင်းအချိန်မှာလား၊ ဤသို့စသည်ဖြင့် အချိန်ကို၎င်း။ (၄) ကတ္ထ တေ အဓိကတံ-ဘယ်အရပ်မြှ ရသနည်း။ သစ်ပင်ရင်းမှာလား၊ မဏ္ဍပ်အတွင်းမှာလား၊ ဤသို့စသည်ဖြင့် အရပ်ကို၎င်း။ (၅) ကတမေ တေ ကိလေသာ ပဟီနာ-ဘယ်ကိလေသာတို့ကို ပယ်ပြီးဖြစ်သနည်း။ ဤသို့ ပယ်အပ်ပြီးသော ကိလေသာတို့ကို၎င်း။ (၆) ကတမေသံ တွံ ဓမ္မာနံ လာဘီ-ပထမမဂ် စသည်တို့တွင် အဘယ်ကိုရသနည်း။ ဤသို့ ရအပ်သော တရားထူးကို၎င်း၊ ခဲံခြား၍မေးရမည်ဟု ဆိုပါသည်။( ၀ိ-၁-၁၁၇၊ ၀ိ-ဋ္ဌ ၂-၈၁-၈၂ )

ဤနေရာ၌ အဋ္ဌကထာဆရာ ဋီကာဆရာတို့ ဆက်လက်ညွှန်ကြားထားးချက်ကို ဆိုပါဦးမည်။ အဋ္ဌကထာ ဋီကာဆရာတို့က အထက်ပါအတိုင်း စစ်စစ်ပေါက်ပေါက် မေးမြန်းရာ အဆင်ပြေပြေ ဖြေနိုင်ရုံမျှဖြင့် မယုံကြည်ထိုက်သေးကြောင်း။ ဗဟုသုတရှိသော ပါဠိ အဋ္ဌကထာ ကျွမ်းကျင်သော ရဟန်းများအနေဖြင့် ကောင်းစွာဖြေဆိုနိုင်ကြောင်း၊ ထိုပကြောင့် ထိုရဟန်းအား မဂ်မရမီ ရှေ့အဖို့၌ သိလစင်ကြယ်မှု၊ ကမ္မဋ္ဌာန်း အားထုတ်မှုအကျင့်များ ရှိ-မရှိ၊ ရှိလျှင်လည်း ရိုးရိုးသားသား လာဘကို မမျှော်ဘဲ စင်စင်ကြယ်ကြယ် ကျင့်ခြင်း ဟုတ်-မဟုတ် စဉ်းစားရမည်ဟု မိန့်ဆိုကြပါသည်။ ဤသို့စဉ်းစားနှိုင်းချိန်၍ သူ၏ဖြေဆိုပုံနှင့် သူ၏ကျင့်ပုံ ညီညွတ်ရုံမျှဖြင့်လည်း ရဟန္တာဟု ပူဇော်သက္ကာရအမှု မပြုထိုက်သေးပါ။

အဘယ်ကြောင့်ဆိုသော် အချို့သော ပုထုဇဉ်ရဟန်းတို့သည် ရဟန္တာနီးပါး အကျင့်ကောင်း ကြသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ရဟန္တာဟု ဧကန်မသတ်မှတ်သေးဘဲ ဥပါယ်တံမျဉ်ဖြင့် စမ်းသပ်သင့်သေးသည်ဟု မိန့်ဆိုကြပါသည်။ ဥပါယ်တံမျဉ်ဖြင့် စမ်းသပ်ပုံကို ၀တ္ထုသာဓကများ ထုတ်ပြ၍ ဆိုပါမည်။ တခါက ဒီဃဘာဏက အဘယဆိုသော မထေရ်ကြီးတပါးသည် ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းတပါးကို ပုထုဇဉ်လော ရဟန္တာလောဟု မခွဲခြားမဆုံးဖြတ်နိုင်သည်ဖြစ်၍ သူငယ်တယောက်အား အမှတ်သညာပေးထား၏။ ထိုသူငယ်သည် ကလျာဏီမြစ်ဆိပ်၌ ငုပ်၍ ရေချိုးနေသော ထိုရဟန်း၏ ခြေထောက်ကို ဆွဲလေ၏။ ပိဏ္ဍပတ်ဓုတင်ဆောင် ရဟန်းသည် မိကျောင်းမှတ်ပြီး ကျယ်လောင်စွာ အော်ဟစ်လေရာ ပုထုဇဉ်မှန်းသိရလေ၏။ မှန်ပါသည်။ ရဟန္တာမည်သည် ဦးထိပ်၌ မိုးကြိုးကျသော်လည်း ကြောက်တုန်လှုပ်ခြင်း မဖြစ်တော့ပါ။ အသက်ခန္ဓာ၌ တပ်မက်ခြင်း နိကန္တိကို ပယ်ထားပြီးဖြစ်ပါသည်။ ( မ-ဋ္ဌ ၄-၆၆။ သာရတ္ထ-ဋီ ၂-၂၈၅ )

သို့သော် အချို့ ကြောက်ရွံ့ခြင်းကင်း ရဲတင်းသော ပုထုဇဉ်များလည်း ရှိတတ်သေးရာ နှစ်သက်ဖွယ် အာရုံများနှင့်လည်း စမ်းသပ်သင့်ပါသေးသည်။ တခါက ၀သဘမင်းသည် မထေရ်တပါးကို စုံစမ်းလိုသဖြင့် နန်းတော်သို့ ပင့်ဆောင်ပြီး မထေရ်၏ရှေ့တွင် ဆီးသီးမှုန့်ဖြင့် ဖျော်ထားသော မုန့်ကို နယ်ပြလေ၏။ ထိုအခိုက် မထေရ်၏ သွားရည်များ ယိုကျလာသဖြင့် ရသတဏှာ မပယ်နိုင်သေးပုံ၊ ရဟန္တာမဖြစ်သေးပုံကို သိရလေ၏။ မှန်ပါသည်။ ရဟန္တာမည်သည် နတ်သြဇာကိုသော်မှ တပ်မက်ခြင်း မရှိတော့ပါ။ ( မ-ဋ္ဌ ၄-၆၇။ သာရတ္ထ-ဋီ ၂-၂၈၅ )။

အချုပ်အားဖြင့်ဆိုရလျှင် ရဟန္တာဟူသည်မှာ ကိလေသာ ၁၀-ပါးလုံးကင်းကာ လောကဓ့တရားတို့ကြောင့် တုန်လှုပ်ခြင်းမရှိ၊ တွေဝေခြင်း မေ့လျော့ခြင်းမရှိ၊ အိပ်မက်မက်ခြင်းမရှိ၊ သုက်လွှတ်ခြင်းမရှိ၊ မာယာ-သာဌေယျ မရှိ၊ စသည်ဖြင့် ပုထုဇဉ်တို့၏ စရိုက်အကြိုက်တို့နှင့် များစွာ ကွာခြားရကား ရဟန္တာအရှင်တို့၏ ဂုဏ်ကို ပုထုဇဉ်တို့ ကုန်စင်အောင် မသိနိုင်ကြောင်း၊ ရဟန္တာအချင်းချင်းသာ သိနိုင်ကြောင်း။ ( သံ-၁-၁၅၀။ ) ဟောတော်မူထား ပါသည်။

ဤ၌ အနည်းငယ်ဖြည့်စွက်၍ ပြောချင်သည်မှာ ဘုရား ရဟန္တာ အရိယာပုဂ္ဂိုလ်တို့အား မျက်မြင်ဖူးတွေ့၍ ကိုယ်တွေ့ကြည်ညို ဘုန်းရိပ်ခုံလှုံလိုကြသည်မှာ ပုထုဇဉ်သူတော်ကောင်းတို့၏ ကောင်းမြတ်သော သဘာဝပင်ဖြစ်ပါသည်။ သို့သော် အရိယာတို့ကို ဖူးတွေ့ရခြင်းဟူသည် ပကတိမျက်စိဖြင့် ဖူးတွေ့ရခြင်း၊ ဉာဏ်မျက်စိဖြင့် ဖူးတွေ့ရခြင်းဟု နှစ်မျိုးရှိပါသည်။ ထိုတွင် ပကတိမျက်စိဖြင့် ဖူးတွေ့ရခြင်းကို တိရစ္ဆာန်များပင် (သိသိ-မသိသိ) ဖူးတွေ့နိုင်၍ ဘုရားရှင် မချီးမွမ်းလှပေ။ ထို့ကြောင့်ပင် ဘုရားရှင်အား ဖူး၍မ၀ ကြည်ညိုလှသော ၀က္ကလိမထေရ်အား-၀က္ကလိ ဤကိုယ်ကောင်ပုပ်ကို ဖူးမြင်ရခြင်းဖြင့် သင်အား အဘယ်အကျိုးရှိအံ့နည်း၊ ၀က္ကလိ တရားကို မြင်သောသူသည် ငါဘုရားကို မြင်၏-ဟု မိန့်တော်မူခဲ့သည် မဟုတ်ပါလော။ ( သံ-၂-၉၈ ) ဓမ္မ-ဋ္ဌ ၂-၃၈၀ ) ထို့ကြောင့် ဘုရားရှင် အလိုတော်အားဖြင့် အရိယာပုဂ္ဂိုလ်ကို ပကတိမျက်စိဖြင့် ဖူးတွေ့ရသော်လည်း ဉာဏ်ဖြင့် အရိယာတို့မြင်အပ်သော လက္ခဏာရေးသုံးပါးကို မမြင်သော၊ အရိယာတို့ သိအပ်သောတရားတို့ကို မသိသောသူသည် အရိယာအဖြစ်ကို ပြုတတ်သောတရားကို၎င်း၊ အရိယာ၏အဖြစ်ကို၎င်း၊ မမြင်အပ်သည်၏ အဖြစ်ကြောင့် အရိယာနံ အဒဿာဝီ-အရိယာပုဂ္ဂိုလ်တို့ကို မဖူးမြင်ရသူပင်ဖြစ်၏-ဟု အဋ္ဌကထာဆရာတို့ မိန့်ဆိုကြပါသည်။( အဘိ-ဋ္ဌ-၁-၃၈၅ )။ ကိုယ်တိုင်ကိုယ်ကျ တရားရ၍ အရိယာအစစ်ကို ဖူးတွေ့နိုင်ကြပါစေ။

အရှင်ကောဝိဒ (ယော)

ဝါဒသူခိုးခေတ်သစ်သုသီမ

In အဆုံးအဖြတ်များ/၀ိနိစ္ဆယများ on July 1, 2009 at 5:19 pm

http://uzinlay.blogspot.com/ မှတောင်းယူပါသည်။

30th June, 2009
အရှင်ကေလာသ
ဓမ္မာစရိယ၊ B.A (Philo) M.A. (Buddhism) ဖြေဆိုသည်
***
ဆရာတော် အရှင်မြတ်ဘုရား၊
သိလိုရေးနှင့် မေးလျှောက်အပ်ပါသည် -
လော့စ်အိန်ဂျယ်လိစ်က ထုတ်တဲ့ စာစောင်တစ်ခုမှာ ပစ္စုပ္ပန်ကမ္မဝါဒဟု ဖတ်ရပါသည်။ ပစ္စုပ္ပန်ကမ္မဝါဒဆိုတာ ဗုဒ္ဓဝါဒနှင့် ပတ်သက်ပါသလား။ ဓမ္မ စကြာသုတ်ကို အဲဒီဝါဒနှင့်အညီ အဓိပ္ပာယ်ဖွင့်ဆိုသည်ဟုလည်း ဆိုပါ သည်။ ဖြစ်နိုင်ပါသလား။ ‘ကာမဂုဏ်ချမ်းသာကို ပြန်ရဖို့ ဒါနသီလ ဘာ ဝနာ ကောင်းမှုတွေကို ပြုရင် ကာမသုခလ္လိကာနုယောဂအကျင့်’လို့ ဆို ထားပါသည်။ တစ်ဖန် ‘အတ္တကိလမထာနု ယောဂအကျင့် ဆိုတာ ရူပ အရုပဈာန် အကျင့်တွေသာ ဖြစ်တယ်’ ဟုလည်း ဆိုပါသည်။ အဲဒီ အဆို တွေ ဟုတ်ပါသလား။
ကာမသုခလ္လိကာနုယောဂအကျင့် နှင့် အတ္တကိလမထာနု ယောဂ အကျင့်တို့၏ ကျမ်းဂန်ထွက်အစစ် အဓိပ္ပာယ်မှန်ကို သိလိုပါသည်။ ဆောင်း ပါးရေးသူက သူ့အဆို အချို့ကို ‘ပိဋကမှာ တွေ့ပါတယ်’ဟုလည်း ဆိုပါ သည်။ ဖြစ်နိုင်ပါသလား။ ထိုဆောင်းပါးမှာပင် ‘ဒုက္ကရစရိယာ အကျင့်ဆို တာ ဘယ်လို ကျင့်သုံးနေထိုင်ခြင်း ဖြစ် တယ်လို့ အသေးစိတ် ရှင်းပြချက် မတွေ့ရပါဘူး’ ဟုလည်း ဆိုပါသည်။ မှန်ပါသလား။ ဖြေကြားပေးစေလို ပါသည်။
တောက်ထက်၊ သုတမြေ

မေးခွန်းပါ အတိုင်းဆိုရင် ဗုဒ္ဓဝါဒအစစ်အမှန်ကို ထင်ယောင် ထင်မှား ဖြစ် စေမယ့် ရေးသားချက်မျိုး ဖြစ်နေလို့ မေးလည်း မေးသင့်တယ်၊ ဖြေလည်း ဖြေဆိုပေးသင့်တယ်လို့ ယူဆပါတယ်။ ဗုဒ္ဓအဆုံးအမ ဗုဒ္ဓသာသနာကို မြတ်နိုး နှစ်သက်သူ ဗုဒ္ဓဝါဒီတို့ သမ္မာအမြင် ရှိထားဖို့ လိုပေလိမ့်မယ်။ ဒါ ဟာ ဖြေဆိုသူရဲ့ ရည်ရွယ်ချက်ပါ။ ဝါဒ တစ်ရပ်ကို တင်ပြမယ်ဆိုရင် သတ္တိ ရှိသင့်တယ်။ ဦးပွ ကိုယ်တိုင် တွေးခေါ် တင်ပြတဲ့ ‘ဦးပွဝါဒ’၊ ကြိုက်ရင် ယူ၊ မကြိုက်ရင် ဆောရီး ပေါ့။ အဲဒီလိုပဲ ဖြစ်သင့်တယ်။ ဘာလို့ ဗုဒ္ဓဝါဒပါလို့ ပြောနေအုံးမှာလဲ။ အိန္ဒိယမှာ ဗုဒ္ဓဝါဒ ကွယ်ပျောက်ရတာဟာ အဲဒီလို ပူးသတ်ခံရလို့ပဲ။

ကာလသုံးပါး

ပဋိစ္စသမုပ္ပါဒ်ဒေသနာကို လေ့လာဖူးရင် ဗုဒ္ဓဟောတဲ့ ကမ္မဝါဒဟာ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ဆိုတဲ့ ကာလ သုံးပါးလုံးနဲ့ ပတ်သက်တယ် ဆိုတာကို ရှင်းလင်းစွာ တွေ့ပါလိမ့်မယ်။ ပစ္စုပ္ပန်ကမ္မဝါဒကိုပဲ လက်ခံတယ်ဆိုရင် ဗုဒ္ဓ ဝါဒ မဟုတ်ဘူး။ ဆောင်းပါး ရေးသူရဲ့ ဝါဒပဲ ဖြစ်လိမ့်မယ်။ အဲဒီဝါဒကို လက်ခံထားသူက ဗုဒ္ဓဝါဒီပါလို့ဆိုရင် ဗုဒ္ဓဝါဒကို စော်ကားတာပဲ။ ကျုပ်က ဖန်ဆင်းရှင်ကို မယုံတဲ့ ခရစ်ယန် အစစ်ပါလို့ဆိုရင် ခရစ်ယန်ဝါဒကို စော် ကားရာကျသလိုပဲ။

ဓမ္မစကြာလက်သစ

မိမိယူဆချက် ခိုင်လုံဖို့နဲ့ ခွန်အားရှိဖို့ ဗုဒ္ဓကျမ်းဂန်ကို ကိုးကားချင် သပ ဆိုရင် မည်သူမဆို ကိုးကားခွင့် ရှိပါတယ်။ ဒါပေမယ့် ဗုဒ္ဓ ဟောလိုရင်း အဓိပ္ပာယ်နဲ့ မိမိယူဆချက်ဟာ တစ်ထပ်တည်းတော့ ဖြစ်ရမယ်။ ကိုယ်ယူ ဆတာက တစ်မျိုး၊ ဗုဒ္ဓဟောတာက တစ်ခြားဆိုရင် ဒီကိုကားမှုဟာ မမှန် ဘူး။ ဓမ္မစကြာသုတ်မှာက အဓိပ္ပာယ် ဖွင့်ဆိုချက်အမှန် ရှိပြီးသားဖြစ်လို့ ဗုဒ္ဓဝါဒနဲ့ မကိုက်ညီတဲ့ အခြားရှုထောင့်တစ်ခုက သုံးသပ်ပြတယ် ဆိုရင် တစ်ချိန်က လူသေလူဖြစ်ဝါဒီတို့ လုပ်သလို ဓမ္မစကြာလက်သစ်ပဲ ဖြစ်မယ်။
ဘုန်းကြီးအနေနဲ့ ဓမ္မစကြာသုတ်ထဲမှာ ပစ္စပ္ပန်ကမ္မဝါဒ ဆိုတာနဲ့ ကိုက်ညီတဲ့ အတွေးအမြင်ကို လုံးဝ မတွေ့မိပါဘူး။ ပစ္စုပ္ပန် ကမ္မဝါဒဆို တာနဲ့ ဓမ္မစကြာသုတ် ဘာမှ မဆိုင်နိုင်ပါဘူး။ ကျုပ်ဝါဒ ကတော့ ဗုဒ္ဓဝါဒနဲ့ မဆိုင်ဘူး၊ ကျုပ်ယူဆတာကို ကျုပ်ရေးတာ ဆို ရင် ရှင်းပါတယ်။ ဘာမှ တုံ့ပြန်နေစရာလည်း မလိုပါဘူး။

ကာမသုခလ္လိကာနုယောဂ

ဗုဒ္ဓဖြစ်ဖို့ ပါရမီဖြည့်မယ့် ဗုဒ္ဓလောင်းလျာဟာ …
‘သဗ္ဗညုတံ ပါပုဏိတွာ၊
သန္တာရေဿံ သဒေဝကံ’လို့
ဆုံးဖြတ်ခဲ့ပါတယ်။ အဓိပ္ပာယ်က ‘ဗောဓိÓာဏ်ကို ရပြီးရင် နတ်လူတွေကို ဘဝသံသရာမှ ကယ်တင်မယ်’တဲ့။ ဗုဒ္ဓလောင်းလျာဟာ ဇနီး မယား သမီး သားနဲ့ ကိုယ်အသက်ကိုပါ ပေးစွန့်ရာမှာ ရည်ရွယ်ချက်က ဗောဓိဉာဏ်ကို ရဖို့ပဲ။ တစ်နည်းပြောရင် ဗောဓိဉာဏ်ကို ရဖို့ ရင်းနှီးခဲ့တာပဲ။ ဒါန သီလ ဘာဝနာထဲက ဘာကောင်းမှုပဲ ပြုပြု ရည်ရွယ်ချက်တော့ ရှိကောင်းပါ တယ်။ ‘အလိုရှိရာကို တောင့်တ (ဆုတောင်း)၍ သမဏ ဗြာဟ္မဏတွေကို ထမင်းအဖျော်စတဲ့ လှူဖွယ်ဝတ္ထုကို ပေးလှူရင် အလိုရှိတဲ့ သူဌေး သူကြွယ် အဖြစ်နဲ့ လူ့ ဘဝ၊ ထိုထက်မြင့်တဲ့ နတ်ဗြဟ္မာဘဝတွေကို ရနိုင်တယ်’လို့ သင်္ဂီတိ သုတ် (ဒီ ၃၊ ၂၁၄)မှာ ဗုဒ္ဓကိုယ်တိုင် ဟောထားပါတယ်။


သူဌေးဖြစ်ချင်လို့ပဲ လှူလှူ နတ်ဖြစ်ချင်လို့ပဲ လှူလှူ အဲဒီလို လှူတဲ့ အတွက်တော့ လောကလူသားတွေမှာ အနည်းနဲ့အများ ကောင်းကျိုး ရကြ တာပါပဲ။ ဥပမာ ဆေးရုံကြီးတစ်ခု ဆောက်လှူတယ် ဆိုပါတော့။ အလှူ့ ရှင်က အဲဒီကောင်းမှုရဲ့ အကျိုးအနေနဲ့ ဘာပဲဖြစ်ချင် ဖြစ်ချင် ပထမဆုံး အဲဒီက နယ်သူနယ်သား အများကောင်းကျိုး ရတာပဲ မဟုတ်လား။ အဲဒါကို ဘယ်လိုလုပ်ပြီး ကာမသုခလ္လိကာနုယောဂလို့ ဆိုနိုင်မှာတုန်း။ ‘သူတပါး အကျိုး၊ အများအကျိုး၊ လူသားလောက အကျိုးကို ရည်စူး ဦးတည်ခြင်းရှိ ပြီး’ ကိုယ့်အိတ်ထဲက ပစ္စည်းနဲ့ ဒုက္ခရောက်သူတွေကို ဘယ်လောက် လှူ ဒါန်းပြီးပြီလဲလို့ ကိုယ့်ဟာကိုယ်ပဲ ဆန်းစစ်ကြည့်သင့်ပါတယ်။
အခက်အခဲနဲ့ ကြုံနေလို့ စိတ်တွေ ရောက်ရက် ခတ်နေတဲ့ အခါ အဓိဋ္ဌာန်ပြုပြီး ပုတီးစိပ်လိုက်တော့ စိတ်ငြိမ်၊ စိတ်ငြိမ်တော့ အတွေးအကြံ ကောင်းတွေ ရပြီး ဆုံးဖြတ်ချက် မှန်ကန်လို့ လောကီ ကိစ္စတွေလည်း အောင်မြင်သွားတာပေါ့။ ပုတီးစိပ်တာဟာ ဗုဒ္ဓဝါဒီအဖို့ အောက်ဆုံး အဆင့် ပါ။ အဲဒီကနေ စစ်မှန်တဲ့ ဝိပဿနာအဆင့် ကို တက်သွားနိုင်တာပဲ။ ဒါကို ကာမသုခလ္လိကာနုယောဂပါလို့ ဘာ လို့ အပြစ်တင်နေမလဲ။ ဗုဒ္ဓရဲ့ ညီတော် ရဟန္တာကြီး အရှင်နန္ဒ ရဟန်းဝတ်ခဲ့တာဟာ နတ်သမီးတွေကို လိုချင်လို့ပါ။ သာသနာအစ သို့မဟုတ် ဘာသာရေး လုပ်ခါစမှာ အဲဒါလေးတွေတော့ ရှိ တတ်ပါတယ်။ ကာမသုခလ္လိကနဲ့ ဘာမှ မဆိုင်ပါဘူး။
ဘဝတစ်လျှောက်လုံး ကာမချမ်းသာကိုချည်း ခံစားမနေဘဲ သင့် တင့်တဲ့ အစားအစာ၊ အဝတ်တန်ဆာနဲ့ နေထိုင်စရာတွေကို သုံးဆောင်ပြီး ဝိမုတ္တိသုခကို ရအောင် အားထုတ်နိုင်ဖို့ ကာမသုခလ္လိကာ နုယောဂကို ပယ်တာ ဖြစ်ပါတယ်။ ဒါဟာ ဒီအစွန်းကို ပယ်ရတဲ့ အဓိက ရည်ရွယ်ချက် ပါ။ ဒီအကျင့်ရဲ့ အဓိပ္ပာယ်မှန်ကို လယ်တီ၊ မဟာစည်၊ တောင်မြို့စတဲ့ ပိဋ ကတ်အိုးကွဲ ဆရာတော်ကြီးတွေ ဖွင့်ဆိုထားပြီးသားပါ။ ရှာဖွေ ဖတ်ရှုရုံပါပဲ။

အတ္တကိလမထာနုယောဂ

‘အတ္တကိလမထာနုယောဂ အကျင့်ဆိုတာ ရူပ အရူပဈာန် အကျင့် တွေသာ ဖြစ်တယ်’ဆိုရင် တက်တက်စင် လွဲတာပဲ။ ကြံကြီး စည် ရာ။ ဒီအတိုင်း ဆက်ရေးရင် ရေးလေ လွဲလေ ဖြစ်နေမှာပဲ။ သူ့အဆို အရဆိုရင် ရူပဈာန် လေးပါးနဲ့ အရူပဈာန် လေးပါးဆိုတဲ့ သမာပတ် ရှစ်ပါးကိုရတဲ့ ရဟန္တာတွေအားလုံး အတ္တကိလမထအကျင့်ကို ကျင့် လို့ ရတယ်လို့ ဆိုရတော့မှာပေါ့။ ဆောင်းပါးရှင်ဟာ အဲဒီ ‘ရုပဈာန် အရူပဈာန် အကျင့်’ဆိုတာကို သိအောင် အရင် လုပ်သင့်တယ်။
ငါးပါး ရှစ်ပါးသီလကို သီလလို့ သာမန်ခေါ်ပြီး ရဟန်းတို့ရဲ့ ပါတိ မောက္ခသံဝရသီလကို အဓိသီလလို့ ခေါ်ပါတယ်။ ဝဋ်အခြေပြု လောကီ သမာပတ်ရှစ်ပါးကို စိတ္တလို့ သာမန်ခေါ်ပြီး ဝဋ်ကထွက်မြောက်တဲ့ လော ကုတ္တရာ သမာပတ်ရှစ်ပါးကိုတော့ အဓိစိတ္တလို့ ခေါ်ပါတယ်။ ကမ္မဿ ကတာပညာကို ပညာလို့ သာမန်ခေါ်ပြီး ဝိပဿနာပညာ မဂ်ပညာ ဖိုလ် ပညာတွေကို အဓိပညာလို့ ခေါ်ပါတယ်။ ဒါက ဗုဒ္ဓဝါဒရဲ့ ကျင့်စရာ အနှစ် သာရ သုံးပါးပါ။ အဲဒီအထဲက စိတ္တကို အကြောင်းပြုပြီး အဓိစိတ္တကို ရရှိနိုင် ပါတယ် (ဝဋ္ဋ္ဋပါဒိကာ အဋ္ဌသမာပတ္တိယော ဥပါဒါယ ဝိပဿနာပါဒိကာ အဋ္ဌသမာပတ္တိ-ယော အဓိစိတ္တံ နာမ (အဘိ-ဋ္ဌ ၂၊ ၃၉၅)။

ဒုက္ကရစရိယာ

‘ဒုက္ကရစရိယာဆိုတာ ဘယ်လို ကျင့်ခဲ့သုံး နေထိုင်ခြင်း ဖြစ်တယ်လို့ အသေးစိတ်ရှင်းပြချက် မတွေ့ရပါဘူး’လို့ ဆိုရင် ဆောင်းပါး ရေးသူဟာ မဟာသီဟနာဒသုတ် (မ ၁၊ ၉၇)၊ မဟာသစ္စကသုတ် (မ ၁၊ ၃ဝ၁) စတာ တွေကို မဖတ်ဖူးလို့ ဖြစ်ပါလိမ့်မယ်။ အဲဒီသုတ် တွေမှာ ဒုက္ကရစိယအကျင့် အကြောင်းကို ဗုဒ္ဓကိုယ်တိုင် အသေးစိတ် ဟောကြားထားပြီး ဖြစ်ပါတယ်။ ဗုဒ္ဓဝါဒ အကြောင်းကို ရေးတော့မယ်ဆိုရင် ဗုဒ္ဓဝါဒဆိုင်ရာ ဗဟု သုတ အတော်အတန်တော့ ရှိသင့်တာပေါ့။ ပါဠိတော်ကြီးမှာ တိုက်ရိုက် ပါနေတာပဲ။ ဆောင်းပါးရှင်ဟာ ထေရဝါဒဗုဒ္ဓဓမ္မ အစစ်အမှန်ကို တကယ် စေတနာနဲ့ တင်ပြချင်တယ် ဆိုရင် ယောနိသော မနသိကာရ (အသင့်တွေး နှလုံးသား)နဲ့ မူရင်း ဗုဒ္ဓကျမ်းဂန်တွေနဲ့ အဲဒီကျမ်းဂန်တွေကို တတ်သိတဲ့ ပုဂ္ဂိုလ်တွေ ဖွင့်ဆိုထားတာတွေကို အများကြီး ရှာဖွေ လေ့လာ ဖတ်ရှုရ ဦးမယ်လို့ သုံးသပ်မိပါတယ်။

ခေတ်သစ်သုသီမ

‘လူသေသော် လူမဖြစ်လျှင်လ
ဘာဖြစ်မှာတုန်း၊
ရွှေပျက်လျှင်
မြေထွက်နွယ် အဝင်ပေမို့
တကယ်ပင် ရွှေပြန်ဖြစ်တယ်ကွယ်
လောကစံထုံး’ (လူသေလူဖြစ်၊ စာ-၃ဝ၁) …
လို့ ဦးဥက္ကဋ္ဌက ဆိုလိုက်တော့ အဆွယ်ကောင်းတာနဲ့ ဗုဒ္ဓဝါဒရေးရာ ဗဟု သုတ အခံမရှိတဲ့ စာဖတ်သူ အချို့အနေနဲ့ နားယောင်ပြီး မျက်စိလည် စရာပါပဲ။
ဒါပေမယ့် အတော်အတန် ဉာဏ်ရှိခဲ့ရင် ဒီလိုလေး ဆက်ပြီး စဉ်း စားကြည့်လိုက်နိုင်မှာပါ …
‘လူသေသော် လူမဖြစ်လျှင်လ
ပါယ်နတ်စစ် နိဗ္ဗူတာ
မှန်စွာပ ဖြစ်ထုံး၊
ရွှေနှင့်လူ
လုံးလုံးပင် ခန်မတူလို့
စံတမူ မှားရာက မှောက်ပေပေါ့
နာမ်တဆူ ကြားမှာ ပျောက်တယ်ကွယ်
သားမျောက် ကတုံး’။
(ဟုတ်တယ်လေ၊ ရွှေမှာက အဆင်းရုပ်ဆိုတဲ့ ရူပက္ခန္ဓာပဲရှိပြီး လူက ရုပ်ရောနာမ်ပါ ခန္ဓာငါးပါး ရှိတယ်။ ဒါကြောင့် ဥပမာနဲ့ ဥပမေယျ မဟပ်စပ်တဲ့အတွက် အမှားကြီးမှားတယ်လို့ ဆိုလိုက်တာပါ)။
အဲဒီလို တစ်ချိန်က လူသေလူဖြစ်ဝါဒီတို့လည်း သူတို့ ရေးပြော တာတွေမှပဲ ဗုဒ္ဓဝါဒအစစ်အမှန် ဟုတ်သလိုလို၊ လယ်တီစတဲ့ ဆရာတော် ကြီးတွေရဲ့ အယူအဆတွေက ဗုဒ္ဓဝါဒ အတုအယောင် ဖြစ်နေသလိုလို လုပ် ကြံ ရေးပြောခဲ့ကြဖူးပါတယ်။ ဘာရည်ရွယ်ချက်နဲ့ ရေးခဲ့သလဲ ဆိုတာတော့ ကာယကံရှင်တွေပဲ သိကြပါလိမ့်မယ်။
ဗုဒ္ဓလက်ထက်က ရာဇဂြိုဟ်မြို့သား သုသီမလို့ ခေါ်တဲ့ ပရိဗိုဇ် ဟာ ဗုဒ္ဓဝါဒကို သူ့ရဲ့ တိတ္တိဝါဒထဲမှာ ထည့်ပြီးဟောရင် သူ့တရားနဲ့ သူ့ဝါဒကို လူကြိုက် များမှာပဲဆိုပြီး အမည်ခံ ဗုဒ္ဓဝါဒီအဖြစ်နဲ့ ဗုဒ္ဓသာသနာထဲကို ဝင် ရောက်ပြီး ရဟန်းဝတ်ခဲ့ဖူးတယ်။ ဒါပေမယ့် ဝါဒခိုးဖို့ ကြံစည်သူ သုသီမ ကတော့ ကံကောင်းခဲ့ပါတယ်။ ဘာကြောင့်ဆို ဗုဒ္ဓကိုယ်တိုင်နဲ့ တွေ့လို့ ရဟန္တာ ဖြစ်သွားခဲ့တာကိုး (သံ ၁၊ ၃၄ဝ)။
ဒီလို ဗုဒ္ဓဝါဒကို ခိုးယူတဲ့ ဝါဒသူခိုးသူတွေဟာ ခေတ်အဆက် ဆက်မှာ ရှိတာပဲ။ ရှိလည်း ရှိနေဦးမှာပဲ။ ဗုဒ္ဓဝါဒဖက်က ကြည့်ရင် ဒိလို လူတွေဟာ ဗုဒ္ဓဝါဒကို ရှုပ်ထွေး မှေးမှိန်အောင် ကွယ်ပျောက်အောင် လုပ် နိုင်တာမို့ အင်မတန် ကြောက်စရာ ကောင်းပါတယ်။
ဝါဒသူခိုး ခေတ်သစ်သုသီမတွေဟာ မိမိရေးတာ ပြောတာကို လူ ကြိုက်အောင်လို့ အလံရှုး ရှဲဒိုးနည်းတွေကိုလည်း အသုံးပြုတတ်ပါတယ်။ ကိုယ့်သာသနာကို ချစ်မြတ်နိုးကြတဲ့ ဗုဒ္ဓဝါဒီတို့ ကြပ်ကြပ် သတိထားကြ ပါကုန်။
အရှင်ကေလာသ
ဓမ္မာစရိယ၊ B.A (Philo) M.A. (Buddhism) ဖြေဆိုသည် ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ပစ္စုပ္ပန်ကမ္မသမားတို့၏ မိစ္ဆာအကြံ ကိုသိလိုပါ က http://yatana.freeblog.co.nz/category/freeblogtips/ တွင် ဖက်ရူဆင်ခြင် နိုင်ပါကြောင်း။

အပြည့်အစုံသို့…

ပြန်ခေါက်ထားပါ…

Follow

Get every new post delivered to your Inbox.