Indrew

Archive for May, 2009|Monthly archive page

ကောသလအိပ်မက်(၁၆)ချက်

In ပါဠိတော် on May 6, 2009 at 4:00 pm
ဓာတ်ပုံများကို အိမ်ချမ်းမြေ့ဘလော့မှ ယူပါသည်။
စာများကို ဂျေဂျူဝိုင်ဘလော့မှယူပါသည်။

အမေး ၁။
နွားနက် လေးကောင်ဟာ ဝှေ့မယ်ဟန်ပြင်ပြီး အရပ်လေးမျက်နှာက မင်းရင်ပြင်ကို ရောက်လာတယ်။ နွားဝှေ့တာကြည့်မယ်ဆိုပြီး လူတွေလာတော့ နွားတွေက ဝှေ့မယ် ဟန်ပြပြီး မဝှေ့ဘဲ အော်ဟစ်ကြုံးဝါးကာ ပြန်ထွက်သွား ကြတယ်။

အဖြေ၁။
နောင်အခါ တရားမရှိတဲ့ မင်းဆင်းရဲတွေနဲ့ တရားမရှိတဲ့ လူတွေရဲ့လက်ထက်မှာ လောက ပြောင်းပြန်ဖြစ်တဲ့အခါမှာ ကုသိုလ်နည်းပြီး အကုသိုလ်များလာတဲ့အခါမှာ လောကပျက်စီး ဆုတ်ယုတ်လာတဲ့အခါမှာ မိုးကောင်းကောင်း မရွာဘဲဖြစ်လိမ့်မယ်။ ကောက်ပင်တွေ ညှိုးလိမ့်မယ်။ အစား အစာရှားပါးလိမ့်မယ်။ မိုးက ရွာမလိုလိုနဲ့ အရပ်လေးမျက်နှာကနေ အုံ့ဆိုင်းလာလိမ့်မယ်။ အဲဒီအခါ လူတွေအားလုံးက ကောက်ပဲသီးနှံတွေ စိုက်ပျိုးဖို့ အစွမ်းကုန် ပြင်ဆင်ပါလိမ့်မယ်။ ဒါပေမယ့် မိုးက ခြိမ်းရုံ ခြိမ်းပြီ မရွာဘဲ သွားလိမ့်မယ်။

အမေး ၂။
သစ်ပင်ငယ် ခြုံငယ်တွေက ပေါက်လာပြီး တစ်ထွာတစ်တောင်လောက်မှ မမြင့်သေးဘဲနဲ့ သီးပွင့်ကြတယ်။
အဖြေ၂ ။
နောင်အခါ သတ္တ၀ါတွေဟာ ရာဂကြီးလိမ့်မယ်။ မိန်းမတွေဟာ အရွယ်မရောက်ခင်မှာပဲ ယောကျာ်းတွေနဲ့ သွားလာပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သားသမီးတွေရလိမ့်မယ်။


အမေး၃။
နွားမတွေက သူမွေးဖွားပြီးခါစ နွားငယ်လေးရဲ့ နို့ကို စို့နေတယ်။
အဖြေ၃။
နောက်နောင် လူတွေဟာ အရှက်တွေ မဲ့လာပြီး မိဘကို ရိုသေရမှန်း မသိဖြစ်လာလိမ့်မယ်။ မိဘတွေဟာ ခိုကိုးရာ မဲ့လိမ့်မယ်။

အမေး၎။
အားကောင်းတဲ့နွားတွေကို လှည်းတပ်ပြီး ၀န်မသယ်ခိုင်းပဲ နွားငယ်လေးတွေကို လှည်းတပ်ပြီး ၀န်တွေ သယ်ခိုင်းနေတယ်။ နွားငယ်တွေကလည်း မရုန်းဘူး ။
အဖြေ၄။
နောင်အခါ တရားမရှိတဲ့ မင်းတွေက ပညာတတ်အမတ် တွေကို ဘေးဖယ်ထားပြီး အလွန်ငယ်တဲ့သူတွေကိုသာ ချီးမြှောက်လိမ့်မယ်။ လူငယ်တွေကလည်း နိုင်ငံ့တာဝန်ကို မထမ်းဆောင်နိုင်ပဲ ဖြစ်နေပါလိမ့်မယ်။

အမေး၅။ မျက်နှာနှစ်ဖက် ပါတဲ့ မြင်းကို နှစ်ဖက်စလုံးက အစာကျွေး နေတယ်။ မြင်းကလည်း နှစ်ဖက်လုံးက အစာကို စားတယ်။
အဖြေ၅။
နောင်အခါ တရားမရှိတဲ့ မင်းမိုက်တွေ အုပ်ချုပ်တဲ့အခါ တရားကို သူတို့ အလိုအတိုင်းပြုမူလိမ့်မယ်။ တရားတဘောင်ကို လာဘ်နှစ်ဖက်စားပြီး ဆုံးဖြတ်လိမ့်မယ်။

အမေး၆။လူတွေက တစ်သိန်းတန် ရွှေခွက်ကို သန့်နေအောင် လုပ်ပြီး မျောက်ကို ကျင်ငယ်စွန့် (သေးပေါက်) ထည့်ခိုင်းတယ်။
အဖြေ၆။
နောင်အခါ အမျိုးယုတ်တဲ့မင်းတွေက အုပ်ချုပ်လိမ့်မယ်။ အဲဒီအခါ ချမ်းသာကြွယ်ဝသူများက မင်းလိုလိုက် မင်းကြိုက်ဆောင်ပြီး မတန်တဆ လာဘ်လာဘတွေ ထိုးသိပ်ရမယ်။

အမေး၇။ လူတစ်ယောက်က ကွပ်ပျစ်မှာနေပြီး ကြိုးကျစ်နေတယ်။ ကြိုးအဆုံးပိုင်းကို အောက်ချတဲ့အခါ အောက်က ခွေးက သူ့ကြိုးကို စားနေတယ်။
အဖြေ၇။
နောင်အခါ ယောကျာ်းတွေက ပင်ပင်ပန်းပန်း ရှာထားတာတွေကို မိန်းမတွေက အဆင်တန်ဆာ ၀တ်ဆင်ဖို့ ကြွားဝါဖို့ လောလည်ဖို့အတွက် အသုံးပြုလိမ့်မယ်။ အလုပ်လုပ်တဲ့ ယောကျာ်းရဲ့ နောက်ကွယ်မှာ လင်ငယ်နဲ့ ဖောက်ပြားလိမ့်မယ်။ လင်ကြီးရှာသမျှ လင်ငယ်အတွက် ဖြစ်လိမ့်မယ်။

အမေး၈။မင်းရင်ပြင်မှာ ရေမရှိတဲ့အိုးတွေ အများကြီးရံထားတဲ့ ရေပြည့်အိုးတစ်အိုး ရှိတယ်။လူတွေက ရေပြည့်အိုးထဲကိုပဲ ရေထပ်လောင်း ထည့်နေကြတယ်။
အဖြေ ၈။နောင်အခါတိုင်းပြည် အုပ်ချုပ်မင်းလုပ် သူတွေဟာ ဆင်းရဲလိမ့်မယ်။ အဲဒီအခါ တိုင်းသူပြည်သားတွေကို နှိပ်စက်ပြီး တိုင်းပြည်အတွက် အလုပ်လုပ်ခိုင်းလိမ့်မယ်။

အမေး၉။ရေကန်တစ်ကန် ရှိတယ်။ လေးဘက်လေးတန်က သတ္တ၀ါတွေ အကုန်လုံး ရေလာသောက်ပေမယ့် ရေက မနောက်ဘူး။
အဖြေ၉။
နောင်အခါ မင်းတွေက တရားတဘောင်မရှိ အုပ်ချုပ်လိမ့်မယ်။ လာဘ်လာဘ စားမယ်။ အခွန်အတုတ်ကို မတရားကောက်ခံမယ်။ လူတွေကို နှိပ်စက်မယ်။ လူတွေကလည်း တရားမရှိဖြစ်လာတယ်။ လူတွေက နယ်စွန်နယ်ဖျားတွေမှာ ပိုပြီးသွားရောက်ထိုင်လိမ့်မယ်။

အမေး၁၀။ထမင်းအိုးက မာတစ်ဝက်။ တူးတစ်ဝက် ။ မနပ်တစ်ဝက်ဖြစ်နေတယ်။
အဖြေ၁၀။
နောင်အခါ တရားမရှိတဲ့ မင်းတွေ အုပ်ချုပ်လိမ့်မယ်။ အဲဒီအခါ လက်အောက်ငယ်သား တွေကလည်း တရားမရှိ ဖြစ်လာမယ်။ အဲဒီကစလို့ လူတွေကလည်း တရားမဲ့လိမ့်မယ်။ အဲဒါကြောင့် မိုးကလည်း ရွာချင်တဲ့နေရာရွာ မရွာချင်တဲ့ နေရာ မရွာ ကြီးချင်တဲ့နေရာ ကြီးလိမ့်မယ်။

အမေး၁၁။တစ်သိန်းတန် စန္ဒကူး အနှစ်ကို သေရည်နဲ့ လဲသောက်တယ်။
အဖြေ၁၁။
နောင်အခါ ရဟန်းတွေဟာ တရားတော်ကို ငွေကြေးဖြတ်ပြီး ဟောကြားလိမ့်မယ်။


အမေး၁၂။ ကျောက်ဖျာတွေက ရေပေါ် ပေါလော သွားနေတယ်။
အဖြေ၁၂။ အမျိုးကောင်းသား တွေ ပညာတတ်တွေ အရာမရောက် ဖြစ်လိမ့်မယ်။ သီလစင်ကြယ်သူတွေ နာမည်ပျက် လိမ့်မယ်။


အမေ၁၃။ဘူးခွံတွေက ရေထဲမြုပ်ကုန်တယ်။
အဖြေ၁၃။ အမျိုးညံ့တဲ့ သူတွေ အရှက်မရှိသူတွေ ကြီးပွားချမ်းသာ လာလိမ့်မယ်။ နေရာကောင်း တွေမှာ အမျိုးညံ့သူတွေက အုပ်ချုပ်လိမ့်မယ်။ သီလမရှိသူတွေ ကျော်ကြားလိမ့်မယ်။

အမေး၁၄။အလွန်ငယ်တဲ့ ဖားမတွေက အလွန်ကြီးတဲ့ မြွေဟောက်တွေကို စားသောက် ၀ါးမျိုနေတယ်။
အဖြေ၁၄။အလွန်ကြီးတဲ့ ယောကျာ်းတွေက ရာဂအလိုကိုလိုက်ပြီး အလွန်ငယ်တဲ့ မိန်းမကိုယူမိလို့ ဒုက္ခရောက်လိမ့်မယ်။

အမေး၁၅။ကျီးတွေကို ရွှေဟင်္သာတွေကို ၀ိုင်းရံခစားနေတယ်။
အဖြေ ၁၅။နောင်အခါ တိုင်းပြည်အုပ်ချုပ်သူဟာ စစ်ပညာ မကျွမ်းကျင်လို့ စည်းစိမ်ပျက်စီးမှာ ကြောက်ပြီး လူမိုက်တွေ မွေးရလိမ့်မယ်။ ပြီးတော့ လူမိုက်ကို ဆရာတင်ထားရလိမ့်မယ်။

အမေး၁၆။ သိုးတွေက ကျားသစ်ကို ကျွတ်ကျွတ်မြည်အောင် ၀ါးနေတယ်။ ၀ံပုလွေတွေက အဝေးကနေ သိုးကို ကြောက်လန့်နေရတယ်။
အဖြေ၁၆။ နောင်အခါ အမျိုးညံ့တဲ့သူ လူမိုက်တွေက တိုင်းနိုင်ငံကို အုပ်ချုပ်လိမ့်မယ်။ သူတို့ လိုချင်တာကို သူတို့ဟာဆိုပြီ မတရား ဆွဲငင်ယူလိမ့်မယ်။

ဝိပဿနာရှုခြင်း၏အကျိုးနှင့်အကျင့်လမ်းကိုဆင်ခြင်ခြင်း

In ၀ိပဿနာ on May 6, 2009 at 3:58 pm
အကျိုးကိုဆင်ခြင်ပါ

ဤ၀ိပဿနာ အလုပ်ဖြင့် မဂ်ဖိုလ် နိဗ္ဗာန် ကိုရ၏. အပါယ်ဆင်းရဲ သံသရာ ဆင်းရဲတို့မှ လွတ်ကင်း ထွက်မြောက်၏။ ဤမျှ ကြီးကျယ်သော အကျိုးကို ပေါ့ရော့ ပျင်းရိစွာ အားထုတ်၍ ဘယ်မှာ ရနိုင်ပါမည်နည်း။

လောက၌ ငွေတရာ တစ်ထောင် ရဖို့ဆိုလျှင်ပင် ခဲယဉ်းစွာ အားထုတ်ရသည် မဟုတ်ပါလော။ ၇- ရက် ၁၅- ရက် တစ်လ စသည်ဖြင့် ပြည့်စုံစွာ အားထုတ်၍ ဆင်းရဲခပ်သိမ်း ငြိမ်းမည့် လုပ်ငန်းကို အဘယ်ကြောင့် အားတက်သရော မလုပ်နိုင်ပါအံ့နည်း။

တစ်နေ့ အပင်ပန်းခံ၍ လုပ်သည့်အတွက် တစ်သက်လုံးချမ်းသာမည်ဆိုလျှင် သာ၍ပင် စိတ်ပါလက်ပါ လုပ်ထိုက်၏။၁၅ ရက် တစ်လ စသည် အပင်ပန်းခံ၍ အားထုတ်ခြင်းဖြင့် သံသရာတလျှောက်လုံးတွင် တွေ့ကြုံသွားရမည့် ဆင်းရဲဟူသမျှမှ လွတ်ကင်း ထွက်မြောက်နိုင်စေသည့် ၀ိပဿနာ အလုပ်မျိုးကို အဘယ့်ကြောင့် လောကီအလုပ်ထက် အပင်ပန်းခံ၍ အားမထုတ်နိုင်ဘဲ ရှိအံ့နည်း။

အိုသူတော်ကောင်း မဂ်ဖိုလ်နိဗ္ဗာန်ဟူသော အလွန်ကြီးမားတဲ့ အကျိုးကို ရစေနိုင်တဲ့ ၀ိပဿနာ အလုပ်ကို ပြင်းထန်စွာ အားထုတ်ပါလော့။

အကျင့်လမ်းကိုဆင်ခြင်ပါ

ဤ၀ိပဿနာသည် သာမန်ပုဂ္ဂိုလ်တို့ သွားနိုင်သော လမ်းခရီးမဟုတ်ပေ။ ခပ်သိမ်းသော ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတို့သာ သွားနိုင်သောလမ်း ဖြစ်ပေသည်။

ပျင်းရိသော လူညံ့တို့သည် ဤလမ်းကို မသွားနိုင်ကုန်။ ဤလမ်းကို သွားသောသူသည် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတို့၏ ဂုဏ်ထူး အကျင့်ထူးနှင့် တစိတ်တပိုင်းအားဖြင့် ပြည့်စုံနေပေ၏။

အို…သူတော်ကောင်း ဘုရားစသော ပုဂ္ဂိုလ်မြတ်တို့၏ ဂုဏ်အကျင့်ကို ယူရာ၌ အဘယ့်ကြောင့် ပေါ့လျော့နေပါသနည်း။ ထိုပုဂ္ဂိုလ်မြတ်တို့၏ သွားရိုးလမ်းကို ခရီးတွင်အောင် ထက်သန်စွာနှင့် ကြိုးစား၍သာ သွားပါလော့။

မဟာစည်ဆရာတော်(၀ိပဿနာရှုနည်းကျမ်း- အကျဉ်းချုပ်)

သတိပဋ္ဌာန်လေးပိုင်းနှင့်ပတ်သက်၍အထူးမှာထားချက်(မဟာစည်-၀ိပဿနာရှုနည်းကျမ်း)

ဝိပဿနာရှုချင်အောင်စိတ်ကိုအားပေးနည်း

In ဝေဒနာနုပဿနာတရားတော်, ၀ိပဿနာ on May 6, 2009 at 3:54 pm
ဝိပဿနာ ရှုနေသော အို သူတော်ကောင်း-သင်မမေ့နဲ့၊ မပျင်းနဲ့။ မေ့လျော့ ပျင်းရိနေလျှင် သင်သည် သံသရာမှ ထွက်မြောက်နိုင်လိမ့်မည် မဟုတ်။ မလွတ်မြောက်နိုင်လျှင် တရံတခါ၌ ငရဲသို့ ကျရောက်လိမ့်ဦးမည်။ ရှေးကလဲ ခံစားခဲ့ရလှလေပြီ။

“ငရဲဒုက္ခ နှင့်ကြုံတွေ့နေစဉ်မှာ မျက်ရည်ကြီးငယ် ကျ၍ ဘယ်လိုပင် ငိုကြွေး တောင့်တနေသော်လည်း သင်သည် ဤ ၀ိပဿနာ အလုပ်ကို အားထုတ်ခွင့် ရမည်မဟုတ်ပေ။ ယခုလို အခါသည်သာလျှင် အားထုတ်ခွင့်ရသောအခါ ပေတည်း။ သို့ဖြစ်၍ သင်မပျင်းပါနဲ့။ မမေ့ပါနဲ့။ ၀ိပဿနာ အလုပ်ကို ထက်သန်စွာ အားထုတ်ပါလော့”

ဤသို့သော အဓိပ္ပါယ်ကိုပင် ရည်၍ ပေးတော်မူခဲ့သော အောက်ပါ ဘုရား အဆုံးအမတော် ကို ရိုသေစွာ လိုက်နာပါလော့။

ဈာယ(တုဝံ) ဘိက္ခု မာ ပမာဒေါ၊
မာ တေ ကမာဂုစေ ရမေဿု စိတ္တံ၊
မာ လေဟဂုဠံ ဂိလီပမတ္တော၊
မာကန္ဒိ ဒုခ မိဒန္တိ ဒယှမာနော။
(ဓမ္မပဒ ၃၇၁- ဂါထာ)

(ဘာသာပြန်)

ရဟန်း။ -သင်သည်။ မနားမဆုတ် အားထုတ်ညီညာ ရှုမှတ်ပါလော့။ မေ့၍ မနေလေလင့်။ သင်၏စိတ်ကို ငါးပါးအာရုံ ကာမဂုဏ် ထဲ၌၊ မွေ့လျော် နှစ်ခြိုက် ပျော်ပိုက်၍ မနေစေလင့်။ မေ့မေ့လျော့လျော့ ပေါ့တော့တော့ နေမိသောကြောင့် တရံတခါ ငရဲရွာသို့ ရောက်လတ်၍ မီးလျှံ တဟုန်းဟုန်းနှင့် သံတုံးသံခဲကို အလိုမကျဘဲ မမျိုရပါစေလင့်။ ငရဲမီး တပြောင်ပြောင် အပူလောင်ခံရသည် ဖြစ်၍ ဒီဟာက ဆင်းရဲလှပါတကား ဟူ၍ ဟစ်အော် ယောင်ယမ်းလျက် မမြည်တမ်း မငိုကြွေးရပါစေလင့်။

အပါယ်လေးပါး၌တရားအားထုတ်ခွင့်မရ

တိရစ္ဆာန်ဘုံ တွင် ပိုက်ကွန် မြှုံး စသည်ဖြင့် မိနေစဉ်ကာလ၌လည်း အားထုတ်ခွင့် မရနိုင်။ အဖျား၌ သံချွန်တပ်သော နှင်တံ၊ ရိုးရိုးနှင်တံတို့ဖြင့် ထိုးဆွ ရိုက်နှက်ခံရလျက် ရထားဝန် လှည်းဝန်တို့ကို ရုန်းဆောင်နေရသော မြင်းနွားကျွဲ ဖြစ်စဉ်၌လည်း အားထုတ်ခွင့် မရနိုင်။

ပြိတ္တာဘုံ တွင် အနှစ်သိန်းပေါင်းများစွာ ကာလပတ်လုံး ဆာလောင်ငတ်မွတ်နေစဉ်၌လည်း အားထုတ်ခွင့် မရနိုင်။ ကာလကဥ္ဒိက အသုရကာယ် ဘုံတွင် အရိုးအရေမျှဖြင့် အတောင် ခုနစ်ဆယ် ရှစ်ဆယ် ပမာဏ ခန္ဓာကိုယ်ရှိလျက် မစားရ မသောက်ရလဲ လေနေပူ စသည်တို့ဖြင့် ပင်ပန်းဆင်းရဲနေစဉ်၌လည်း အားထုတ်ခွင့် မရနိုင်။ ထိုတိရစ္ဆာန် ပြိတ္တာ အသူရကာယ်တို့သည် အားထုတ်သော်လည်း ၀ိပဿနာ ဥာဏ်၊ မဂ်ဖိုလ်ဥာဏ် တို့ကို မရနိုင်ကုန်။

အို သူတော်ကောင်း- လူဖြစ်နေစဉ် ယခုအခါသည်သာလျှင် ၀ိပဿနာ အလုပ်ကို အားထုတ်နိုင်သည့် အခါပေတည်း။ သို့ဖြစ်၍ သင်မပျင်းနဲ့၊ မမေ့နဲ့၊ အားထုတ်ပါလော့။

ဤသည်ကား အပါယ်ဘေးကို ဆင်ခြင်၍ စိတ်ကို အားပေးပုံတည်း။


မဟာစည်ဆရာတော်(၀ိပဿနာရှုနည်းအကျဉ်းချုပ်-စာ၈)

ဆက်ရန်
ဝိပဿနာရှုခြင်းအကျိုးနှင့်အကျင့်လမ်းကိုဆင်ခြင်ပုံ(မဟာစည်-၀ိပဿနာရှုနည်း(ကျဉ်း))

Follow

Get every new post delivered to your Inbox.