Indrew

Archive for the ‘အဘိဓမ္မာ’ Category

အဘိဓမ္မာ

In အဘိဓမ္မာ on January 14, 2009 at 2:28 pm
{မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ ရေးသားတော်မူခဲ့သော အနာဂတ်သာသနာရေး ကျမ်း (၁၉၉၅ ခုထုတ်) မှ ကောက်နုတ်ပါသည်။}

ယခုခေတ်သည် သဘာဝကို လိုက်စားနေသော ပညာခေတ် ဖြစ်၏။ ထိုကဲ့သို့ အစစ် အမှန်သဘာဝ သည် အဘိဓမ္မာ တရားတော် ၌ အစုံအလင် ပါဝင်၏။ အဘိဓမ္မာ ၏ အပြင်ဘက်၌ အစစ်အမှန်ကို မည်မျှ လောက်ပင် စိစစ် ရှာဖွေ ကြသော်လည်း တွေ့ရ လိမ့်မည်မဟုတ်။ ထိုစကားကို ရှင်းပြပါဦးမည်၊ ”အဆင်း တစ်ခုကို ကြည့်ရှုသည်” ဟု ဆိုရာ၌ မျက်လုံးအိမ် အတွင်းဝယ် စက္ခု အကြည်ဓာတ်ကို ထို အဆင်း အာရုံက ပထမဆုံး ဓာတ်ခိုက်၏။ ထိုကဲ့သို့ ဓာတ်ခိုက်သည် နှင့် တစ်ပြိုင်နက် ထိုအာရုံကို ဆင်ခြင်သော အာဝဇ္ဇန ခေါ် စိတ်တစ်ခု အလွန် လျင်မြန်စွာ ဖြစ်၍ ပျက်သွား၏။ ထို့နောက် တစ်ဆက်တည်းပင် ထိုအာရုံကို မြင်သိ-သိသော စက္ခုဝိဥာဏ ခေါ် စိတ်တစ်ခု အလွန် လျင်မြန်စွာ ဖြစ်၍ ပျက်ပြန်၏။

ထို့နောက် ဆက်၍ ဆက်၍ ထိုအာရုံကို ခံယူသော သမ္ပဋိစ္ဆန စိတ်၊ စုံစမ်းသော သန္တီရဏစိတ်၊ ဆုံးဖြတ်သော ဝေါဋ္ဌဗ္ဗနစိတ်၊ အာရုံ၏ အရသာ ကို ခံစားသော( အလွန်လည်း အရှိန် အဟုန်ပြင်းသော) ဇ၀န ခေါ် စိတ် ၇ ကြိမ်၊ ထိုအာရုံကို ဆက်၍ အာရုံပြုသော တဒါရမ္မဏ ခေါ်စိတ်၂ကြိမ် ဖြစ်၍ပျက်၏။ ဤမျှသော စိတ်အစဉ်ဖြစ်ရုံမျှ ဖြင့် ငါမြင်၏ ဟု ဆိုရလောက်အောင် စိတ်မစုံသေး၊ ဆက်၍ စိတ်အစဉ် ၃တန်း၊ ၄ တန်း ဖြစ်ရသေး၏။ စိတ်အစဉ် ဖြစ်ရသော်လည်း ကြာသည်ဟု မမှတ်ထိုက်။ လက်ဖျောက် တစ်ချက်တီး အချိန်မှာ ကုဋ္ဋေများစွာ စိတ်တွေ ဖြစ်၍ ပျက်နိုင်သောကြောင့် ချက်ချင်း မြင်ရသည်ဟုပင် ဆိုနိုင်သည်။

နာမ်ကလာပ်စည်း ။ ။ စိတ်တစ်ခု တစ်ခု ဖြစ်ရာ၌ စိတ်သက်သက် ဖြစ်သည် မဟုတ်။ စိတ်နှင့် အတူ ဖြစ်၍ အတူ ပျက်ကြသော စေတသိက် ခေါ် တရားစုလည်း ပါဝင်ကြ သေးသည်။ ထိုတရားများကား အာရုံကို ဓာတ်သဘော အလိုက် ထိခိုက်သော ဖဿ၊ အာရုံ အရသာကို ခံစားသော ဝေဒနာ၊ အာရုံကို မှတ်သားသော သညာ၊ တွဲဖက် တရားများကို ဆိုင်ရာ ကိစ္စများ၌ ဆောင်ရွက်ဖို့ရာ လှုံ့ဆော်သော စေတနာ၊ အာရုံ၌ တစ်ခဏမျှ ဖြစ်စေ ငြိမ်သက်စွာ တည်တံ့ နေသော ဧကဂ္ဂတာ( သမာဓိ)၊ ထိုတရား တို့၏ အသက်ဟုခေါ်ရသော ဇီဝိတိနြေ္ဒ၊ ထိုအာရုံကို နှလုံးသွင်းသော မနသိကာရ ဟု အနည်းဆုံးအား ဖြင့် ဤတရား ၇ပါး သည်လည်း အမြဲ ပါနေပေသည်။ ဤသို့ စိတ် စေတသိက် တို့ အစုလိုက် အစုလိုက် ဖြစ်ခြင်းကို နာမ် ကလာပ် ဟုခေါ်ကြစို့။ {နာမ =နာမ်၊ ကလာပ=အစု}

ရုပ်ကလာပ်စည်း။ ။ ဗုဒ္ဓ ရှင်တော်သည် ရုပ်အကြောင်းကို ဟောပြတော် မူရာ၌လည်း ဤ ဓာတ်သည် ခက်မာခြင်း သဘောရှိ၏။ ပထ၀ီ ဓာတ်ဟု ခေါ်၏။ ဤဓာတ်သည် စေးဖွဲ့ခြင်း သဘော ယိုစီးခြင်း သဘော ရှိ၏။ အာပေါဓာတ်ဟု ခေါ်၏။ ဤဓာတ်သည် အငွေ့ သဘောရှိ၏။ (အပူရုပ်၌ – အပူငွေ့၊ အအေးရုပ်၌ အအေးငွေ့ ရှိ၏။)တေဇောဓာတ်ဟု ခေါ်၏။ ဤဓာတ်သည် ထောက်ကန်ခြင်း တွန်းဖိခြင်း သဘောရှိ၏။ ၀ါယောဓာတ်ဟု ခေါ်၏။ ဤဓာတ်သည် အဆင်းအေ၇ာင် သဘောရှိ၏။ဝဏ္ဏ ဓာတ်ဟု ခေါ်။ ဤဓာတ်သည် အနံ့သဘောရှိ၏။ ဂန္ဓဓာတ် ဟုခေါ်သည်။ ဤ ဓာတ်သည် အရသာ သဘောရှိ၏။ ရသဓာတ် ဟုခေါ်၏။ ဤဓာတ်သည် အဆီ အနှစ်တည်း ၊ သြဇာဓာတ်ဟုခေါ်၏။ ဤပြခဲ့သော ရုပ်ရှစ်ခု အပေါင်းသည် အနည်းဆုံး ရုပ်ကလာပ် တစ်ခု ဖြစ်၏။ သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ အလွန် ကောင်းသော မှန်ပြောင်း ဖြင့်သာ မြင်နိုင်သော အသေးဆုံး ဆိုရသော အဏုမြူ ထက်ပင် သေးငယ်၍ ပရမာဏုမြူ ဟု ခေါ်ရသော ရုပ်မှုန့်ကလေး၌ သော်မှ ရှစ်ခုရှစ်ခု ပေါင်းစုနေသော ရုပ်ကလာပ် ကလေးတွေ အတော် များများ စုဝေး တည်နေ ပါသည်။ ရုပ်တုံးရုပ်ခဲက ကြီးကျယ်လေ ထို ရုပ်ကလာပ် မှုန့်ကလေးတွေ များလေဖြစ်၏။

အဘိဓမ္မာ အရေးကြီးပုံ။ ။ နာမ်အစု ရုပ် အစုကို သူ့ကလာပ်နှင့်သူ ခွဲစိတ်၍ ပြသထားသည့် အပြင် တစ်စုနှင့်တစ်စု ရှေ့နောက် ဖြစ်ရာ- အချင်းချင်း ကျေးဇူးပြုသွားကြပုံကိုလည်းကောင်း၊ သူတို့ဖြစ်ခိုက်၌ အချင်းချင်း ကျေးဇူး ပြုနေကြပုံကို လည်းကောင်း အဘိဓမ္မာ၌ ဟောပြ ထားတော် မူ၏။ လက်တွေ့ စဉ်းစားလေ့ ရှိကြသော ယခုခေတ်ဝယ် ထို အဘိဓမ္မာ သဘော အတိုင်း မမှန်နိုင်ဟု ပယ်လှန် နိုင်မည့် သူကို တွေ့စမ်း ချင်ပါသည်။ ဘုန်းကြီးတို့ အယူအဆ၌ ကား ထိုမျှလောက် အသေးစိတ်၍ ခွဲခြမ်း စိတ်ဖြာ ပြီးလျှင် ဤ သဘောသည် ဖသ ဤသဘောသည် ဝေဒနာ စသည်ဖြင့် သိနိုင်သူကို မဆိုထားဘိ၊ ဗုဒ္ဓ မပေါ်ထွန်း ခဲ့ပါလျှင် ဖဿ ဝေဒနာ စသော နာမည်မျိုး ကိုမျှ တပ်ပြနိုင်သူ မရှိဟု ယူဆပါသည်။ ဘုန်းကြီးတို့ သည် ရုပ်ဓာတ်ကို လက်တွေ့ ခွဲကြည့်ဖို့ရာ လက်နက် ကိရိယာ အပြည့်အစုံ မရကြ သေး၍ မခွဲနိုင် သော်လည်း လူတစ်ယောက်၏ စိတ်နေ စိတ်ထားကိုကား စကားပြောပုံ ပြုကျင့် နေထိုင်ပုံကို ထောက်ထား၍ ထိုအချိန်မှာ မည်သည့် နာမ် ကလာပ် ဖြစ်နေသည် ဟု အဘိဓမ္မာ အလေ့ အကျင့် အရ အတော် မှန်အောင် မှန်းဆ နိုင်ကြပါ၏။ တရားအားထုတ်၍ တရားပေါက် နေသူ( ပရစိတ္တ ၀ိဇာနန ဥာဏ် ရနေသူ တို့ကား) ထို့ထက်ပင် သေချာအောင် သိနိုင်ကြ ပါသည်။ မိမိ၏ စိတ်ထားကို စဉ်းစားသော အခါ၌ကား အလွန်သေချာ စွာသိ၍ မကောင်းသော နာမ်ကလာပ်ကို နောက်ထပ် မဖြစ်အောင် လည်း ချုပ်တည်းနိုင်၊ ကောင်းသော နာမ်ကလာပ်ကို တိုးတက် အောင်လည်း ပြုပြင်နိုင်ကြပေသည်။

ယခု အချိန်အခါ သည် “ဖန်ဆင်းသူရှိ၏” ဟူသော ရှေးကျသည့် ၀ါဒကို မသုံးစွဲ ကြတော့ဘဲ လက်တွေ့ကိုသာ လိုက်စားချိန် ဖြစ်၏။ ထို့ကြောင့် အလွန် သေချာ ကျနသော( မလွဲနိုင်သော) အဘိဓမ္မာ ၏ သဘာဝများကို အထက်တန်း လောကီကျောင်းများ ၌ သင်ပြသင့် ကြပေသည်။ ဘုန်းကြီးကျောင်း များ၌လည်း အရကျက်ရုံ မဟုတ်ဘဲ လက်တွေ့သင်၍ ကမ္ဘာကို ပြဖို့ရန် ကြိုးစား သင့်ကြပြီ။

Follow

Get every new post delivered to your Inbox.