Indrew

Archive for the ‘သစ္စာလေးပါး အဖြေ’ Category

သစ္စာလေးပါး အဖြေ

In သစ္စာလေးပါး အဖြေ on January 14, 2009 at 11:14 am
အစ်ကို တစ်ယောက်က သစ္စာလေးပါး အဓိပ္ပါယ် ကိုဆွေးနွေးလိုသည်။ မဟာစည်ဆရာတော် ဘုရား ပြန်လည် ဟောကြားတော် မူသော စူဠဝေဒလ္လ သုတ် တရားတော် မှာ ဓမ္မဒိန္နာ ထေရီမ ဖြေထားတာ ရှိသည်။ အရင်က မှတ်စု ထုတ်ထား ဖူးသည်။ အဲဒါကို တင်ပေးလိုသည်။ အတိုချုပ် နှင့် ကောက်နုတ်ချက်သာ တင်ပေးနိုင်မည်။ ဗဟုသုတ အလို့ငှာသာ ဖြစ်ပါသည်။ အောက်ပါ များ မှာ ၄င်းတရားတော်ကို ကိုးကား၍ ကိုယ်ပိုင်စာသား တစ်ချို့တစ်လေ ပြောင်းမှတ် ထားသော မှတ်စုများဖြစ်ပါသည်။

၁)ဒုက္ခသစ္စာ အဖြေ

မြင်ဆဲ၊ ကြားဆဲ စသည်၌ ထင်ရှားသော ရုပ်နာမ် အပေါင်းကို ဥပါဒါနက္ခန္ဓာ ဟုခေါ်သည်။ တဏှာဖြင့် ဒိဋ္ဌိဖြင့် စွဲလန်းနိုင်သောကြောင့် ခေါ်ဆိုရခြင်းဖြစ်သည်။ ဥပါဒါနက္ခာဟု ခေါ်သော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိဥာဉ်တို့ကို သက္ကာယ ဟုခေါ်သည်။ သက္ကာယ ဟူသည်မှာ ထင်ရှားရှိသော ရုပ်နာမ် အပေါင်းပင်ဖြစ်သည်။ သက္ကာယ ဆိုတဲ့ ရုပ်နာမ် အပေါင်းကို ဒုက္ခသစ္စာ- ဆင်းရဲ အစစ်အမှန်ဟူ၍ ခေါ်သည်။ (လိုရင်းကား ရုပ်နာမ် အပေါင်းသည်ပင် ဒုက္ခသစ္စာဖြစ်ပေသည်။)

၂)သမုဒယသစ္စာ အဖြေ(ဤ အပိုဒ်မှာ မူလအတိုင်း ကူးထားခြင်း ဖြစ်ပါသည်)

နှစ်သက်သာယာ ပြီးဆာနေတဲ့ တဏှာဟာ သက္ကာယ ခေါ်တဲ့ ရုပ်နာမ်ခန္ဓာ ဒုက္ခသစ္စာ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းပါဘဲ လို့ သိစေလိုတာပါဘဲ ။ တဏှာဆိုတဲ့ ပါဠိက ဆာတယ်လို့ အနက်ရှိတယ်။ ဆာတယ်ဆိုတာ စားချင်ပြီးဆာတာ သောက်ချင်ပြီးဆာတာ မျိုးပါဘဲ။ နှစ်သက်သာယာတာလဲ ဆာတဲ့ သဘောဘဲ။ လိုချင်တာ တောင့်တရတာ..၊ ရချင်တာ ခံစားချင်တာတွေ လဲ ဆာတဲ့ သဘောပဲ၊ ယခုလူတွေဟာ အကောင်းတွေကို မြင်ရလို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ မြင်ချင်နေတာပဲ၊ ကြားလို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ ကြားချင်နေတာပဲ၊ နံလို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ နံချင်နေတာပဲ၊ စားလို့လဲအားမရဘူး၊ ထပ်ကာထပ်ကာ စားချင်နေတာပဲ၊ တွေ့ထိလို့လဲ အားမရဘူး။ ထပ်ကာထပ်ကာ တွေ့ထိပြီး ခံစား ချင်နေတာပဲ၊ အာရုံကောင်းတွေကို စိတ်ကူးကြံစည်လို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ ကြံချင်နေတာပဲ၊ အဲဒီလို အားမရနိုင်တာဟာ ဆာတဲ့ သဘောပဲ။ (လိုရင်းကား တဏှာသည် သမုဒယ သစ္စာပင်တည်း)

၃)နိရောဓသစ္စာ အဖြေ (မူရင်း အတိုင်းကူးယူဖော်ပြပါသည်၊ လင့်လည်းပေးထားသည်၊ ကြည့်ရှူနိုင်ပါသည်)

နိရောဓ သစ္စာဆိုတဲ့ နိဗ္ဗာန်တရားက အသိခက်တယ်၊ အပြောရလည်းခက်တယ်၊ မိမိတို့ သန္တန်မှာ ရှိနေတဲ့ ရုပ်နာမ်များလို မိမိတို့ မျက်မှောက် မှာရှိနေတဲ့ ရုပ်ဝတ္ထုများလို သိဖို့လည်း မလွယ်ဘူး၊ ပြောဖို့လည်း မလွယ်ဘူး၊ သက္ကာယ နိရောဓောဆိုတာကို ဒဲ့ဒိုးပြောမယ်ဆိုရင် ဥပါဒါနက္ခန္ဓာဆိုတဲ့ ရုပ်နာမ်တို့၏ ချုပ်ခြင်း ကင်းငြိမ်းခြင်းလို့ ပြောရမှာပဲ၊ ဒါပေမဲ့ အဲဒီရုပ်နာမ်တွေ ချုပ်တာကလည်း ဖြစ်ပြီးတော့ ချုပ်ပျက်သွားတာမျိုးကို ဆိုလိုတာ မဟုတ်ဘူး၊ ဖြစ်နေကျ ရုပ်နာမ်တွေ အကြောင်းမရှိလို့ လုံးလုံး မဖြစ်ဘဲ ချုပ်ခြင်း ကင်းငြိမ်းခြင်းကိုသာ ဆိုလိုတယ် ဒါကြောင့် ဒီမှာ အကြောင်းဖြစ်တဲ့ သမုဒယ တဏှာ၏ ချုပ်ခြင်းဖြင့် ဖော်ပြထားတာပါပဲ။ ( ထေရီမ ဖြေဆိုတော်မူထားသော တိုက်ရိုက် အဖြေမှာကား တဏှာချုပ်ခြင်း ပင်ဖြစ်ပါသည်။)

၎)မဂ္ဂသစ္စာအဖြေ

သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါးသည်ပင် သက္ကာယချုပ်ခြင်း သို့ရောက်သော အကျင့်ဟု ခေါ်သည်။

သမ္မာဒိဋ္ဌိ- မှန်စွာ မြင်ခြင်း။
သမ္မာသင်္ကပ္ပ-မှန်စွာကြံခြင်း။
သမ္မာဝါစာ- မှန်စွာပြောခြင်း။
သမ္မာကမ္မန္တ-မှန်စွာပြုခြင်း
သမ္မာအာဇီဝ-မှန်စွာ အသက်မွေးခြင်း။
သမ္မာဝါယာမ- မှန်စွာအားထုတ်ခြင်း။
သမ္မာသတိ- မှန်စွာ အမှတ်ရခြင်း။
သမ္မာသမာဓိ- မှန်စွာ စူးစိုက်တည်ကြည်ခြင်း။

Follow

Get every new post delivered to your Inbox.