Indrew

Archive for the ‘ဝေဒနာနုပဿနာတရားတော်’ Category

ဝိပဿနာရှုချင်အောင်စိတ်ကိုအားပေးနည်း

In ဝေဒနာနုပဿနာတရားတော်, ၀ိပဿနာ on May 6, 2009 at 3:54 pm
ဝိပဿနာ ရှုနေသော အို သူတော်ကောင်း-သင်မမေ့နဲ့၊ မပျင်းနဲ့။ မေ့လျော့ ပျင်းရိနေလျှင် သင်သည် သံသရာမှ ထွက်မြောက်နိုင်လိမ့်မည် မဟုတ်။ မလွတ်မြောက်နိုင်လျှင် တရံတခါ၌ ငရဲသို့ ကျရောက်လိမ့်ဦးမည်။ ရှေးကလဲ ခံစားခဲ့ရလှလေပြီ။

“ငရဲဒုက္ခ နှင့်ကြုံတွေ့နေစဉ်မှာ မျက်ရည်ကြီးငယ် ကျ၍ ဘယ်လိုပင် ငိုကြွေး တောင့်တနေသော်လည်း သင်သည် ဤ ၀ိပဿနာ အလုပ်ကို အားထုတ်ခွင့် ရမည်မဟုတ်ပေ။ ယခုလို အခါသည်သာလျှင် အားထုတ်ခွင့်ရသောအခါ ပေတည်း။ သို့ဖြစ်၍ သင်မပျင်းပါနဲ့။ မမေ့ပါနဲ့။ ၀ိပဿနာ အလုပ်ကို ထက်သန်စွာ အားထုတ်ပါလော့”

ဤသို့သော အဓိပ္ပါယ်ကိုပင် ရည်၍ ပေးတော်မူခဲ့သော အောက်ပါ ဘုရား အဆုံးအမတော် ကို ရိုသေစွာ လိုက်နာပါလော့။

ဈာယ(တုဝံ) ဘိက္ခု မာ ပမာဒေါ၊
မာ တေ ကမာဂုစေ ရမေဿု စိတ္တံ၊
မာ လေဟဂုဠံ ဂိလီပမတ္တော၊
မာကန္ဒိ ဒုခ မိဒန္တိ ဒယှမာနော။
(ဓမ္မပဒ ၃၇၁- ဂါထာ)

(ဘာသာပြန်)

ရဟန်း။ -သင်သည်။ မနားမဆုတ် အားထုတ်ညီညာ ရှုမှတ်ပါလော့။ မေ့၍ မနေလေလင့်။ သင်၏စိတ်ကို ငါးပါးအာရုံ ကာမဂုဏ် ထဲ၌၊ မွေ့လျော် နှစ်ခြိုက် ပျော်ပိုက်၍ မနေစေလင့်။ မေ့မေ့လျော့လျော့ ပေါ့တော့တော့ နေမိသောကြောင့် တရံတခါ ငရဲရွာသို့ ရောက်လတ်၍ မီးလျှံ တဟုန်းဟုန်းနှင့် သံတုံးသံခဲကို အလိုမကျဘဲ မမျိုရပါစေလင့်။ ငရဲမီး တပြောင်ပြောင် အပူလောင်ခံရသည် ဖြစ်၍ ဒီဟာက ဆင်းရဲလှပါတကား ဟူ၍ ဟစ်အော် ယောင်ယမ်းလျက် မမြည်တမ်း မငိုကြွေးရပါစေလင့်။

အပါယ်လေးပါး၌တရားအားထုတ်ခွင့်မရ

တိရစ္ဆာန်ဘုံ တွင် ပိုက်ကွန် မြှုံး စသည်ဖြင့် မိနေစဉ်ကာလ၌လည်း အားထုတ်ခွင့် မရနိုင်။ အဖျား၌ သံချွန်တပ်သော နှင်တံ၊ ရိုးရိုးနှင်တံတို့ဖြင့် ထိုးဆွ ရိုက်နှက်ခံရလျက် ရထားဝန် လှည်းဝန်တို့ကို ရုန်းဆောင်နေရသော မြင်းနွားကျွဲ ဖြစ်စဉ်၌လည်း အားထုတ်ခွင့် မရနိုင်။

ပြိတ္တာဘုံ တွင် အနှစ်သိန်းပေါင်းများစွာ ကာလပတ်လုံး ဆာလောင်ငတ်မွတ်နေစဉ်၌လည်း အားထုတ်ခွင့် မရနိုင်။ ကာလကဥ္ဒိက အသုရကာယ် ဘုံတွင် အရိုးအရေမျှဖြင့် အတောင် ခုနစ်ဆယ် ရှစ်ဆယ် ပမာဏ ခန္ဓာကိုယ်ရှိလျက် မစားရ မသောက်ရလဲ လေနေပူ စသည်တို့ဖြင့် ပင်ပန်းဆင်းရဲနေစဉ်၌လည်း အားထုတ်ခွင့် မရနိုင်။ ထိုတိရစ္ဆာန် ပြိတ္တာ အသူရကာယ်တို့သည် အားထုတ်သော်လည်း ၀ိပဿနာ ဥာဏ်၊ မဂ်ဖိုလ်ဥာဏ် တို့ကို မရနိုင်ကုန်။

အို သူတော်ကောင်း- လူဖြစ်နေစဉ် ယခုအခါသည်သာလျှင် ၀ိပဿနာ အလုပ်ကို အားထုတ်နိုင်သည့် အခါပေတည်း။ သို့ဖြစ်၍ သင်မပျင်းနဲ့၊ မမေ့နဲ့၊ အားထုတ်ပါလော့။

ဤသည်ကား အပါယ်ဘေးကို ဆင်ခြင်၍ စိတ်ကို အားပေးပုံတည်း။


မဟာစည်ဆရာတော်(၀ိပဿနာရှုနည်းအကျဉ်းချုပ်-စာ၈)

ဆက်ရန်
ဝိပဿနာရှုခြင်းအကျိုးနှင့်အကျင့်လမ်းကိုဆင်ခြင်ပုံ(မဟာစည်-၀ိပဿနာရှုနည်း(ကျဉ်း))

ှုဥပေက္ခ္ခာဝေဒနာကိုရှုမှတ်ပြီးဖြစ်ပုံအဆုံးအဖြတ်

In ဝေဒနာနုပဿနာတရားတော် on May 6, 2009 at 3:53 pm

မထင်ရှားတဲ့တရား

ကဲဥပေက္ခာဝေဒနာကို ပြောကြစို့၊ ဥပေက္ခာ ဆိုတာကတော့ ဒုက္ခဝေဒနာလို အနေဆိုး အခံခက်တာလဲ မဟုတ်ဘူး။ သုခဝေဒနာ လို အားရ၀မ်းသာ လောက်အောင် ထူးထူးခြားခြားကြီး ကောင်းတာလဲ မဟုတ်ဘူး။ မဆိုးမကောင်း အလယ်အလတ် နေရုံမျှဖြစ်နေတဲ့ ခံစားမှုတစ်မျိုးပဲ။

ဒါကြောင့် သူ့ကို အဒုက္ခ မသုခလို့လဲ ခေါ်တယ်။ မဆင်းရဲ မချမ်းသာ မဆိုးမကောင်း ခံစားမှုလို့ဆိုလိုတယ်။ သူက သိမ်မွေ့တယ်။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ တွေလောက် မထင်ရှားဘူး။

သုခဆိုတဲ့ ချမ်းသာမှု ဖြစ်လာရင် အင်မတန် ထင်ရှားတယ်။ “ကောင်းလိုက်တာ ကောင်းလိုက်တာ“နဲ့ ပါးစပ်က ထုတ်ပြောရသည့် တိုင်အောင် ထင်ရှားတယ်။ ဒုက္ခဆိုတဲ့ ဆင်းရဲက သာပြီးထင်ရှားသေး။ သူဖြစ်လာတယ်ဆိုရင် “အလိုလေး အမယ်လေး“နဲ့ ညည်းညူရသည့် တိုင်အောင် ကို ထင်ရှားနေတယ်။ ဥပေက္ခာကတော့ အဲဒါတွေလောက် မထင်ရှားဘူး။ ဒါကြောင့် သူ့ကို အသိခက်တယ်လို့ ကျမ်းဂန်များက ဆိုထားပေတာပဲ။

မိဂပဒ၀လဉ္စ

ဒါပေမဲ့ ယောဂီမှာတော့ ပေါ်တိုင်း ပေါ်တိုင်း ရုပ်နာမ်တွေကို မပြတ်ရှုနေတဲ့ အတွက် သုခ ဒုက္ခ တွေရဲ့ အကြား အကြားမှာ ရှုမှတ်ပြီး သိရတဲ့ သာမန်နေသာမှုကလေးတွေဟာ မဆိုးမကောင်း ဥပေက္ခာတွေပဲလို့ ဒီလိုတော့ ထင်ရှားသိရပါတယ်။

ဥပမာအားဖြင့် သမင်ခြေရာခံတဲ့ တောမုဆိုးဟာ ကျောက်ဖျာဆီအထိ တည့်တည့်လာတဲ့ သမင်ခြေရာကိုလည်း တစ်ဖက်မှ တွေ့ပြီးတော့ ဟိုတစ်ဖက်မှာ ကျောက်ဖျာဆီကသွားတဲ့ သမင်ခြေရာကိုလဲ တွေ့မယ်ဆိုရင် အလယ်က ကျောက်ဖျာပေါ်မှာ သမင်ခြေရာကို မတွေ့ရပေမဲ့ သမင်ဟာ ဟိုဘက်ဒီဘက် ခြေရာနှစ်ခုရဲ့ အလယ်စပ်ကြား အဲဒီကျောက်ဖျာပေါ်ကပဲ ဖြတ်သွားတယ် လို့ သိရပါတယ်။

ဒီလိုပါပဲ။ ယောဂီများလည်း အစက သုခဝေဒနာကိုပဲ ဖြစ်ဖြစ် ဒုက္ခဝေဒနာကိုပဲဖြစ်ဖြစ် စူးစိုက်ပြီး မပြတ် မှတ်နေရတယ်။ ဒီလို မှတ်နေရင်း အဲဒီ သုခဝေဒနာက ပျောက်သွားတယ်။ အဲဒီအခါမှာ ကောင်းတယ်ဆိုးတယ် လို့ မဆိုလောက်တဲ့ သာမန်နေသာရုံမျှ စိတ်အသိတွေကို ရှုမှတ်နေရပြန်တယ်။

အတန်ကြာတော့မှ သုခဖြစ်ဖြစ် ဒုက္ခဖြစ်ဖြစ် ထင်ရှားပေါ်လာပြန်တယ်။ ဒီတော့ အဲဒီသုခ ဒုက္ခတွေကို မှတ်ရပြန်တယ်။ ဒီလိုမှတ်နေရတဲ့ ယောဂီဟာ ထင်ရှားတွေ့ရတဲ့ သုခ ဖြစ်ဖြစ် ဒုက္ခဖြစ်ဖြစ် ထင်ရှားပေါ်လာပြန်တယ်။ ဒီတော့ အဲဒီ သုခ ဒုက္ခ တွေကို မှတ်ရပြန်တယ်။

ဒီလိုမှတ်နေရတဲ့ ယောဂီဟာ ထင်ရှားတွေ့ရတဲ့ “သုခ ဒုက္ခ ဝေဒနာတွေရဲ့ စပ်ကြားမှာ မကောင်းမဆိုး ရိုးရိုး နေသာရုံမျှ ဖြစ်နေခဲ့တာတွေဟာ ဥပေက္ခာဝေဒနာ တွေပဲ” လို့ သိရတယ်။ ဒီလိုသိတာဟာ ဟို သမင်ခြေရာခံတဲ့ မုဆိုးရဲ့ သိပုံနဲ့ တူတဲ့အတွက် “မိဂပဒ၀လဉ္စ” နည်းအရ သိတာလို့ ကျမ်းဂန်များမှာ ဆိုထားပါတယ်။

ဒါကြောင့် ဒီဥပေက္ခာကိုတော့ တမင်ရှာပြီး ရှုနေဖို့ မလိုတော့ဘူး။ သုခ ဒုက္ခဝေဒနာတွေ ပျောက်သွားတဲ့ အခါမှာ ပေါ်လာတဲ့ မကောင်းမဆိုး ရိုးရိုးအသိစိတ် တွေကို ရှုမှတ်နေရုံနဲ့ ဒီဥပေက္ခာကိုလည်း ရှုပြီး သိပြီး ဖြစ်သွားတော့တာပဲ။


မဟာစည်ဆရာတော်(ဝေဒနာနုပဿနာတရားတော် ဒုတိယပိုင်း စာ ၈-၉)

ဆက်ရန်
တရားရှုမှတ်လိုအောင်စိတ်ကိုအားပေးနည်း(မဟာစည်-၀ိပဿနာရှုနည်းကျမ်း အကျဉ်းချုပ်)

စိတ်ဆင်းရဲကင်းပျောက်ဆေး

In ဝေဒနာနုပဿနာတရားတော် on May 6, 2009 at 3:50 pm

စိတ်အေးတဲ့နည်းလမ်းကောင်း

ကာမဂုဏ်နဲ့ စပ်ပြီး နှလုံးမသာတာ၊ ၀မ်းနည်းတာကို သာမိသ ဒုက္ခ လို့ခေါ်တယ်။ လောကရေးရာနှလုံးမသာမှု လို့လဲ ခေါ်နိုင်တယ်။ ဒီနှလုံးမသာမှုက အင်မတန် အရာကျယ်တယ်။ လူတိုင်းလူတိုင်း အနည်းနဲ့ အများ ဖြစ်ဖူးကြတာချည်းပဲ။

သားသမီး စသည် ပျက်စီးလို့ပဲ ဖြစ်ဖြစ် စီးပွားဥစ္စာ ပျက်စီးလို့ပဲဖြစ်ဖြစ် လုပ်ငန်း အကြံအစည် မအောင်မြင် လို့ပဲဖြစ်ဖြစ် ဘေးဆိုးရန်ဆိုးနဲ့ တွေ့ရလို့ပဲဖြစ်ဖြစ် ဒီလိုအဆင်မပြေတဲ့ အခါများမှာ “ငါ့နှယ် ကံဆိုးလိုက်လေနော်၊ သူများလဲ ဘာမှ နေရာမကျ ပါပဲလား” စသည်ဖြင့် ၀မ်းနည်းစရာတွေ လျှောက်တွေးပြီး နှလုံးမသာယာမှု၊ ၀မ်းနည်းမှု၊ စိုးရိမ်မှုတွေ ဖြစ်တတ်ကြတယ်။

ဒါတွေက အဆိုးဆုံးတရားတွေပဲ။ ကမ္ဘာသူ ကမ္ဘာသားတွေကို လိုက်ပြီး မွှေနေတာဟာ ဒီနှလုံးမသာမှု ၀မ်းနည်းမှု စိုးရိမ်မှုတွေပဲ။ စည်းစိမ်ချမ်းသာတွေ အခြွေအရံတွေနဲ့ ဘယ်လိုပဲ ပြည့်စုံနေပေမဲ့လို့ အကြောင်းတခုခုနဲ့ အဆင်မပြေတာ ကိုတွေ့ရရင် ဒီ နှလုံးမသာယာမှု၊ စိုးရိမ်မှုတွေက ဖြစ်လာတတ်တယ်။ သူဖြစ်လာတယ်ဆိုရင် နေလို့ ထိုင်လို့ သာသာယာယာ မရှိတော့ဘူး။ ဒါကြောင့် ဒီနှလုံးမသာယာမှု စိုးရိမ်မှုတွေကို ပယ်ပြီး စိတ်ကို အေးအေးကလေး ထားနိုင်တဲ့ နည်းလမ်းကောင်းကို လူတိုင်း အသင့်ဆောင်ထားစရာ ကောင်းတယ်။ အဲဒီ နည်းလမ်းကောင်းကလည်း တကယ်ရှာတော့ ရှားပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက အဲဒီအကောင်းဆုံးနည်းလမ်းကို ပေးထားခဲ့တယ်။ ဘာလဲဆိုရင် ဟောဒီ ရှုမှတ်ရတဲ့ သတိပဋ္ဌာန် နည်းပါပဲ။

မလွဲနိုင်သောလမ်း

ဒါကြောင့် နှလုံးမသာယာမှု စိုးရိမ်မှု ၀မ်းနည်းမှုများ မတော်တဆ ဖြစ်ပေါ်လာရင် လက်ခံမထားနဲ့။ ချက်ချင်း ရှုမှတ်ပြီးတော့ ပယ်ကြရမယ်။ “နှလုံးမသာဘူး နှလုံးမသာဘူး” စသည်ဖြင့် သေသေချာချာ စူးစိုက်ပြီးတော့ မပျောက်မချင်း သူ့ကိုသာ ရှုမှတ်နေရမယ်။ ဒီလိုရှုမှတ်နေရင် ပျောက်သွားတာကို တွေ့ရလိမ့်မယ်။ ၀ိပဿနာ အခြေခံရှိနေတဲ့ သူမှာဆိုရင်တော့ လေးငါးချက်လောက် မှတ်လိုက်ရုံနဲ့တောင် နှလုံးမသာယာမှု လုံးဝပျောက်ပြီး ပကတိကြည်လင်တဲ့စိတ်မျိုး ပြန်ဖြစ်လာနိုင်ပါတယ်။

အဲဒီလိုအခါမှာ နှလုံးမသာယာစရာကို ပြန်ပြီးစဉ်းစားကြည့်တောင် ဘာမှ မဖြစ်တော့ဘဲ စိတ်ဟာ ကြည်လင်အေးချမ်းမြဲသာ ရှိပြီး နေနိုင်ပါတယ်။

ဒါကြောင့် မြတ်စွာဘုရားက “အယံ -အမှတ်ရမှု ဤသတိပဋ္ဌာန် လမ်းသည် ၊သောကပရိဒေ၀ါနံ သမတိက္ကမာယ- စိုးရိမ်ပူဆွေးရမှု ငိုကြွေးရမှုတို့ကို လွန်မြောက်သွားဖို့ရာ၊ ဧကာယနော မဂ္ဂေါ -တစ်ကြောင်းတည်းသောလမ်း မလွဲနိုင်သေလမ်းပေတည်း “ လို့ ဟောထားခဲ့ပါတယ်။

မဟာစည်ဆရာတော်( ဝေဒနာနုပဿနာ တရားတော် ဒုတိယပိုင်း စာ၁၂)

ဆက်ရန်
ဥပေက္ခာဝေဒနာကိုရှုမှတ်ပြီးဖြစ်ပုံ(မဟာစည်-ဝေဒနာနုပဿနာ-ဒုပိုင်း)


Follow

Get every new post delivered to your Inbox.