ဘာဝနာဖြင့်ပင် သီလ၀ိသုဒ္ဓိ ပြီးနိုင်ကြောင်းကို ကျယ်ဝန်းစွာ ပြဆိုခဲ့သည်မှာ “ဘာဝနာကို အားထုတ်လိုလျှင် သီလကို စင်ကြယ်အောင် ကြာမြင့်စွာစောင့်ထိန်းနေရဦးမည်၊ထို့နောင်မှသာလျင် ဘာဝနာကို အားထုတ်ကောင်းသည်၊ ယခုမှသီလ ဆောက်တည်၍ ယခုချက်ချင်းအားမထုတ်ကောင်း” ဟူ၍ ယူဆပြောဆိုသော သူတို့ အားလည်းကောင်း ထိုသို့သော စကားကို ယုံကြည်သောသူတို့အားလည်းကောင်း ဘာဝနာ အလုပ်၏ အနှောင့် အယှက် မဖြစ်ပါစေလင့်၊ မကဲ့ရဲ့အပ်သည်ကို ကဲ့ရဲ့ ပြစ်မှား၍ အကုသိုလ် မဖြစ်ပါစေလင့် ဟု မျှော်လင့်တောင့် တ၍ သာလျှင် ပြဆိုခြင်းဖြစ်ပေသည်၊ သီလကို မရိုမသေ ပြုစေလို၍ ပြဆိုခြင်းကား မဟုတ်ပေ။
အမှန်အားဖြင့်သော်ကား။ ။သီလသည် အလွန်ပင် အလေးပြုထိုက်သော အကျင့်ပေတည်း၊ အပါယ်လေးပါး၌ အတိဒုက္ခရောက်လျက်နေကြသော သတ္တ၀ါတို့တွင် သီလပျက်မှုကြောင့်ကျရောက်ရသော သူတို့သည် တရာလျှင် ၉၉-ယောက်ထက် မနည်းရှိကုန်ရာ၏။ လူ့ဘုံ နတ်ဘုံ၌ ချမ်းသာလျက် ရှိသော သူတို့တွင်လည်း သီလစင်ကြယ်မှုကြောင့် လူနတ်ဖြစ်သော သူတို့သည် တရာတွင် ၅၀ ထက်မနည်းရှိကုန်ရာ၏၊ မဂ်ဖိုလ်ကိုရသော ပုဂ္ဂိုလ်တို့တွင်လည်း ရှေး အဖို့က သီလ မစင်ကြယ်ဘဲ မဂ်ဖိုလ်ရသော သူတို့မှာ အနည်းငယ်သာ ရှိကုန်ရာ၏၊
သို့ဖြစ်၍ သီလကို မည်သူမဆို အသက်မပါ အလေးပြု၍ စောင့်ထိန်းအပ် စောင့်ထိန်းထိုက်သည်သာတည်း၊ နောင် အခါမှ စောင့်ထိန်းမည်ဟု ပေါ့ပေါ့ဆဆ မပြုအပ်သည်သာတည်း၊ အကြောင်းမူကား-ထိုသို့ ပေါ့ပေါ့ဆဆ ပြုလျက် သီလပျက်ဆီးနေခိုက်တွင် အမှတ်တမဲ့ ရုတ်တရက် သေဆုံးသွားပါလျှင် မျက်စိ တမှိတ်ခန့်ကာ လအတွင်းမှာလျှင် အပါယ်ဘုံသို့ ကျရောက်သွားမည်ကို စိုးရိမ်ရသောကြောင့်ပေတည်း၊ ဘာဝနာကို အားထုတ်လိုသောသူတို့၌ ကား ဆိုဘွယ်ပင် မရှိတော့ပြီ။ထိုသို့သော သူတို့သည်ကား အသက်ထက်ပင် အလေးအမြတ်ပြု၍ ထက်ဝန်းကျင်စင်ကြယ်အောင် စောင့်ထိန်းအပ် စောင့်ထိန်းထိုက်သည်သာတည်း။
ထို့ကြောင့် ဘာဝနာကို အားထုတ်လိုသောသူသည် အမြဲတမ်း သီလ စင်ကြယ်နေသော်လည်း သမာဓိ ပညာတို့အား ကျေးဇူးပြုနိုင်ရန် ရည်သန်မျှော်လင့်၍ ငါးပါးသီလကိုဖြစ်စေ အာဇီဝဋ္ဌ မကသီလကိုဖြစ်စေရှေးဦးစွာဆောက်တည် ကျင့်သုံးအပ်၏၊ ပလိဗောဓ အလုံးစုံကို ပယ်ဖြတ်၍ ၇-ရက်ဖြစ်စေ၊ ထိုထက် အလွန်ဖြစ်စေ နေ့ညဥ့် မပြတ် အားထုတ်လိုလျှင် ကား ရှစ်ပါးသီလ၊ ဆယ်ပါးသီလတို့ကို ဆောက်တည် ကျင့်သုံးအပ်ကုန်သည်။
မဟာစည်ဆရာတော်( ၀ိပဿနာ ရှူနည်းကျမ်း နှင့် ၀ိနယ ၀ိနိစ္ဆယ သင်္ဂဟ ကျမ်း)