Indrew

Posts Tagged ‘အနာဂတ်ဘေး’

ကောသလအိပ်မက်(၁၆)ချက်

In ပါဠိတော် on May 6, 2009 at 4:00 pm
ဓာတ်ပုံများကို အိမ်ချမ်းမြေ့ဘလော့မှ ယူပါသည်။
စာများကို ဂျေဂျူဝိုင်ဘလော့မှယူပါသည်။

အမေး ၁။
နွားနက် လေးကောင်ဟာ ဝှေ့မယ်ဟန်ပြင်ပြီး အရပ်လေးမျက်နှာက မင်းရင်ပြင်ကို ရောက်လာတယ်။ နွားဝှေ့တာကြည့်မယ်ဆိုပြီး လူတွေလာတော့ နွားတွေက ဝှေ့မယ် ဟန်ပြပြီး မဝှေ့ဘဲ အော်ဟစ်ကြုံးဝါးကာ ပြန်ထွက်သွား ကြတယ်။

အဖြေ၁။
နောင်အခါ တရားမရှိတဲ့ မင်းဆင်းရဲတွေနဲ့ တရားမရှိတဲ့ လူတွေရဲ့လက်ထက်မှာ လောက ပြောင်းပြန်ဖြစ်တဲ့အခါမှာ ကုသိုလ်နည်းပြီး အကုသိုလ်များလာတဲ့အခါမှာ လောကပျက်စီး ဆုတ်ယုတ်လာတဲ့အခါမှာ မိုးကောင်းကောင်း မရွာဘဲဖြစ်လိမ့်မယ်။ ကောက်ပင်တွေ ညှိုးလိမ့်မယ်။ အစား အစာရှားပါးလိမ့်မယ်။ မိုးက ရွာမလိုလိုနဲ့ အရပ်လေးမျက်နှာကနေ အုံ့ဆိုင်းလာလိမ့်မယ်။ အဲဒီအခါ လူတွေအားလုံးက ကောက်ပဲသီးနှံတွေ စိုက်ပျိုးဖို့ အစွမ်းကုန် ပြင်ဆင်ပါလိမ့်မယ်။ ဒါပေမယ့် မိုးက ခြိမ်းရုံ ခြိမ်းပြီ မရွာဘဲ သွားလိမ့်မယ်။

အမေး ၂။
သစ်ပင်ငယ် ခြုံငယ်တွေက ပေါက်လာပြီး တစ်ထွာတစ်တောင်လောက်မှ မမြင့်သေးဘဲနဲ့ သီးပွင့်ကြတယ်။
အဖြေ၂ ။
နောင်အခါ သတ္တ၀ါတွေဟာ ရာဂကြီးလိမ့်မယ်။ မိန်းမတွေဟာ အရွယ်မရောက်ခင်မှာပဲ ယောကျာ်းတွေနဲ့ သွားလာပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သားသမီးတွေရလိမ့်မယ်။


အမေး၃။
နွားမတွေက သူမွေးဖွားပြီးခါစ နွားငယ်လေးရဲ့ နို့ကို စို့နေတယ်။
အဖြေ၃။
နောက်နောင် လူတွေဟာ အရှက်တွေ မဲ့လာပြီး မိဘကို ရိုသေရမှန်း မသိဖြစ်လာလိမ့်မယ်။ မိဘတွေဟာ ခိုကိုးရာ မဲ့လိမ့်မယ်။

အမေး၎။
အားကောင်းတဲ့နွားတွေကို လှည်းတပ်ပြီး ၀န်မသယ်ခိုင်းပဲ နွားငယ်လေးတွေကို လှည်းတပ်ပြီး ၀န်တွေ သယ်ခိုင်းနေတယ်။ နွားငယ်တွေကလည်း မရုန်းဘူး ။
အဖြေ၄။
နောင်အခါ တရားမရှိတဲ့ မင်းတွေက ပညာတတ်အမတ် တွေကို ဘေးဖယ်ထားပြီး အလွန်ငယ်တဲ့သူတွေကိုသာ ချီးမြှောက်လိမ့်မယ်။ လူငယ်တွေကလည်း နိုင်ငံ့တာဝန်ကို မထမ်းဆောင်နိုင်ပဲ ဖြစ်နေပါလိမ့်မယ်။

အမေး၅။ မျက်နှာနှစ်ဖက် ပါတဲ့ မြင်းကို နှစ်ဖက်စလုံးက အစာကျွေး နေတယ်။ မြင်းကလည်း နှစ်ဖက်လုံးက အစာကို စားတယ်။
အဖြေ၅။
နောင်အခါ တရားမရှိတဲ့ မင်းမိုက်တွေ အုပ်ချုပ်တဲ့အခါ တရားကို သူတို့ အလိုအတိုင်းပြုမူလိမ့်မယ်။ တရားတဘောင်ကို လာဘ်နှစ်ဖက်စားပြီး ဆုံးဖြတ်လိမ့်မယ်။

အမေး၆။လူတွေက တစ်သိန်းတန် ရွှေခွက်ကို သန့်နေအောင် လုပ်ပြီး မျောက်ကို ကျင်ငယ်စွန့် (သေးပေါက်) ထည့်ခိုင်းတယ်။
အဖြေ၆။
နောင်အခါ အမျိုးယုတ်တဲ့မင်းတွေက အုပ်ချုပ်လိမ့်မယ်။ အဲဒီအခါ ချမ်းသာကြွယ်ဝသူများက မင်းလိုလိုက် မင်းကြိုက်ဆောင်ပြီး မတန်တဆ လာဘ်လာဘတွေ ထိုးသိပ်ရမယ်။

အမေး၇။ လူတစ်ယောက်က ကွပ်ပျစ်မှာနေပြီး ကြိုးကျစ်နေတယ်။ ကြိုးအဆုံးပိုင်းကို အောက်ချတဲ့အခါ အောက်က ခွေးက သူ့ကြိုးကို စားနေတယ်။
အဖြေ၇။
နောင်အခါ ယောကျာ်းတွေက ပင်ပင်ပန်းပန်း ရှာထားတာတွေကို မိန်းမတွေက အဆင်တန်ဆာ ၀တ်ဆင်ဖို့ ကြွားဝါဖို့ လောလည်ဖို့အတွက် အသုံးပြုလိမ့်မယ်။ အလုပ်လုပ်တဲ့ ယောကျာ်းရဲ့ နောက်ကွယ်မှာ လင်ငယ်နဲ့ ဖောက်ပြားလိမ့်မယ်။ လင်ကြီးရှာသမျှ လင်ငယ်အတွက် ဖြစ်လိမ့်မယ်။

အမေး၈။မင်းရင်ပြင်မှာ ရေမရှိတဲ့အိုးတွေ အများကြီးရံထားတဲ့ ရေပြည့်အိုးတစ်အိုး ရှိတယ်။လူတွေက ရေပြည့်အိုးထဲကိုပဲ ရေထပ်လောင်း ထည့်နေကြတယ်။
အဖြေ ၈။နောင်အခါတိုင်းပြည် အုပ်ချုပ်မင်းလုပ် သူတွေဟာ ဆင်းရဲလိမ့်မယ်။ အဲဒီအခါ တိုင်းသူပြည်သားတွေကို နှိပ်စက်ပြီး တိုင်းပြည်အတွက် အလုပ်လုပ်ခိုင်းလိမ့်မယ်။

အမေး၉။ရေကန်တစ်ကန် ရှိတယ်။ လေးဘက်လေးတန်က သတ္တ၀ါတွေ အကုန်လုံး ရေလာသောက်ပေမယ့် ရေက မနောက်ဘူး။
အဖြေ၉။
နောင်အခါ မင်းတွေက တရားတဘောင်မရှိ အုပ်ချုပ်လိမ့်မယ်။ လာဘ်လာဘ စားမယ်။ အခွန်အတုတ်ကို မတရားကောက်ခံမယ်။ လူတွေကို နှိပ်စက်မယ်။ လူတွေကလည်း တရားမရှိဖြစ်လာတယ်။ လူတွေက နယ်စွန်နယ်ဖျားတွေမှာ ပိုပြီးသွားရောက်ထိုင်လိမ့်မယ်။

အမေး၁၀။ထမင်းအိုးက မာတစ်ဝက်။ တူးတစ်ဝက် ။ မနပ်တစ်ဝက်ဖြစ်နေတယ်။
အဖြေ၁၀။
နောင်အခါ တရားမရှိတဲ့ မင်းတွေ အုပ်ချုပ်လိမ့်မယ်။ အဲဒီအခါ လက်အောက်ငယ်သား တွေကလည်း တရားမရှိ ဖြစ်လာမယ်။ အဲဒီကစလို့ လူတွေကလည်း တရားမဲ့လိမ့်မယ်။ အဲဒါကြောင့် မိုးကလည်း ရွာချင်တဲ့နေရာရွာ မရွာချင်တဲ့ နေရာ မရွာ ကြီးချင်တဲ့နေရာ ကြီးလိမ့်မယ်။

အမေး၁၁။တစ်သိန်းတန် စန္ဒကူး အနှစ်ကို သေရည်နဲ့ လဲသောက်တယ်။
အဖြေ၁၁။
နောင်အခါ ရဟန်းတွေဟာ တရားတော်ကို ငွေကြေးဖြတ်ပြီး ဟောကြားလိမ့်မယ်။


အမေး၁၂။ ကျောက်ဖျာတွေက ရေပေါ် ပေါလော သွားနေတယ်။
အဖြေ၁၂။ အမျိုးကောင်းသား တွေ ပညာတတ်တွေ အရာမရောက် ဖြစ်လိမ့်မယ်။ သီလစင်ကြယ်သူတွေ နာမည်ပျက် လိမ့်မယ်။


အမေ၁၃။ဘူးခွံတွေက ရေထဲမြုပ်ကုန်တယ်။
အဖြေ၁၃။ အမျိုးညံ့တဲ့ သူတွေ အရှက်မရှိသူတွေ ကြီးပွားချမ်းသာ လာလိမ့်မယ်။ နေရာကောင်း တွေမှာ အမျိုးညံ့သူတွေက အုပ်ချုပ်လိမ့်မယ်။ သီလမရှိသူတွေ ကျော်ကြားလိမ့်မယ်။

အမေး၁၄။အလွန်ငယ်တဲ့ ဖားမတွေက အလွန်ကြီးတဲ့ မြွေဟောက်တွေကို စားသောက် ၀ါးမျိုနေတယ်။
အဖြေ၁၄။အလွန်ကြီးတဲ့ ယောကျာ်းတွေက ရာဂအလိုကိုလိုက်ပြီး အလွန်ငယ်တဲ့ မိန်းမကိုယူမိလို့ ဒုက္ခရောက်လိမ့်မယ်။

အမေး၁၅။ကျီးတွေကို ရွှေဟင်္သာတွေကို ၀ိုင်းရံခစားနေတယ်။
အဖြေ ၁၅။နောင်အခါ တိုင်းပြည်အုပ်ချုပ်သူဟာ စစ်ပညာ မကျွမ်းကျင်လို့ စည်းစိမ်ပျက်စီးမှာ ကြောက်ပြီး လူမိုက်တွေ မွေးရလိမ့်မယ်။ ပြီးတော့ လူမိုက်ကို ဆရာတင်ထားရလိမ့်မယ်။

အမေး၁၆။ သိုးတွေက ကျားသစ်ကို ကျွတ်ကျွတ်မြည်အောင် ၀ါးနေတယ်။ ၀ံပုလွေတွေက အဝေးကနေ သိုးကို ကြောက်လန့်နေရတယ်။
အဖြေ၁၆။ နောင်အခါ အမျိုးညံ့တဲ့သူ လူမိုက်တွေက တိုင်းနိုင်ငံကို အုပ်ချုပ်လိမ့်မယ်။ သူတို့ လိုချင်တာကို သူတို့ဟာဆိုပြီ မတရား ဆွဲငင်ယူလိမ့်မယ်။

တတိယ အနာဂတ်ဘေး

In တတိယ အနာဂတ်ဘေး on January 28, 2009 at 2:25 pm
မဟာစည်ဆရာတော်ဘုရား၏ အနာဂတ ဘယ သုတ် တရားတော် အသံသွင်းခွေမှ တတိယ အနာဂတ်ဘေးနှင့် ဆိုင်သော အပိုင်းကို ကောက်နုတ်ဖော်ပြပါသည်။ ဤအပိုင်းမှာ အရေးကြီးသည်။ အနာဂတ ဘယ ဟူသည်မှာ အနာဂတ်ဘေး ဖြစ်ပါသည်။ အနာဂတ် ဆိုသည်မှာ ဘုရားရှင်ထင်ရှား ရှိတော် မူသောခေတ်မှ အလွန်ပင် ဖြစ်သည်။ မြတ်စွာဘုရား ထင်ရှားရှိတော် မူသောခေတ်၌ မူ မဖြစ်ပေါ်သေး။ နောက်ကာလ များ၌ ဖြစ်ပေါ်ပါသည်။ သို့ဖြစ်၍ မျက်မှောက်ကာလ ရှိ ဖြစ်ပေါ်ဆဲ ဖြစ်ပေါ်ခဲ့ ဖြစ်ပေါ်လတ္တံ့ဘေးကြီးများ ကိုဆိုလိုသည်။ ဘေးဟူသည်မှာ သာသနာတော်၏ ဘေးလည်းမည်၏။ သတ္တ၀ါတို့၏ ဘေးလည်း ဖြစ်သည်။ အန္တရာယ် တစ်ခုခု ကျရောက်မည်ကို တင်ကြိုသိထားပါက ကြိုတင်ကာကွယ်မှု လုပ်ထားနိုင်သဖြင့် ရှောင်တန်သမျှ ရှောင်နိုင်သည်။ ယခုလည်း အနာဂတ်ဘေးများကို ကြုံတွေ့ပါက ထိုဘေးများ အကြေင်း သုတ ပညာ ရှိသူ များသည် သက်သာတန် သ၍ သက်သာနိုင်မည်ကို ရည်ရွယ်၍ ကောက်နုတ် ဖော်ပြပါသည်။ ဤတတိယ ဘေးကား မလျော်ကန်သော တရားဓမ္မ ဒဿန ဆွေးနွေးမှုများကို ဆိုလိုပါသည်။ “ကာယ ဘာဝနာတို့၊ သီလဘာဝနာတို့၊ စိတ္တဘာဝနာတို့၊ ပညာဘာဝနာတို့ အဲဒါတွေနဲ့ မပြည့်စုံဘဲနဲ့ အဘိဓမ္မာ ကထာ( အဘိဓမ္မာ ကထာဆိုတာက ဒီနေရာမှာ အဋ္ဌကထာက ဖွင့်ထားတာကတော့ ဥတ္တမကထာ လို့ခေါ်တဲ့ မြတ်တဲ့ တရားတွေ သမထ ၀ိပဿနာ တရားတွေကို ပြောတာတဲ့။) သမထနဲ့ စပ် ၀ိပဿနာ နဲ့စပ်ပြီးတော့ သကာလ တရားစကားတွေ ပြောတာ။ ဝေဒလ္လ ကထာ ဆိုတာကတော့ မဟာဝေဒလ္လ တို့ စူဠဝေဒလ္လ တို့မှာပါတဲ့ ဥာဏ်ပညာ နဲ့ ပီတိပါမောဇ္ဇ တွေဖြစ်ပြီးတော့ အမေးအဖြေ လုပ်ရတဲ့ တရားဆွေးနွေးရတဲ့ တရားစကားတွေပါပဲ။ ပြောကြတဲ့ အခါကျတော့ ကိုယ်က ဒီသမာဓိ၊ပညာ တွေကို လေ့လာ ပွားများထားတာ မဟုတ်တဲ့ အခါကျတော့ စိတ်ကူးနဲ့ သူက ပြောရမှာကိုး။ ကိုယ်မသိတာတွေ ကိုယ်မနိုင်တာတွေ ထင်ရာမြင်ရာ လျှောက်ပြီးတော့ ပြောတဲ့ အခါကျတော့ လွဲတာမှားတာ တွေလည်း ရှိကုန်မှာပေါ့။ သူများတွေလည်း အထင်အမြင် လွဲတာတွေ ရှိသွားဦးမယ်။ သူများတွေကို ကိုယ်က မမှန်ပါဘဲလျက် သူများမှန်နေတာတွေကို အမှားထင်ပြီးတော့ အဲဒီလို ရှူတ်ချပြီးပြောတာတွေလည်း ရှိလိမ့်မယ်။ သူများတွေကို ပစ်ပယ်ပြီး ပြောတာ လည်းရှိလိမ့်မယ်။ ကိုယ်က ပွားများ လေ့လာထားတာ မဟုတ်တော့ ကိုယ်မနိုင်တဲ့ ဥစ္စာဆိုတော့ ပြောလို့ရှိရင် ကိုယ်က အနိုင်ရအောင်ဆိုပြီး တစ်ခါတည်းပြောတော့ အဲဒီမှာ သူများတွေကို ရှူတ်ချ၊ တရားအမှန်တွေကို အမှားလုပ်၊ အမှားတွေကို အမှန်လုပ် မဟုတ်တာတွေ လျှောက်ပြောမိ အဲဒါတွေ ဖြစ်ပါလိမ့်မယ်တဲ့။ အဲဒါကို အန္ဓဓမ္မတွေတဲ့။ မည်းညစ်သော တရားတွေ။ တနည်းအားဖြင့်တော့ လောဘ၊ဒေါသ၊မောဟ ဖြစ်စေနိုင်သော တရားစကားတွေလည်း ပြောလိမ့်မယ်တဲ့။ မိမိလာဘ်လာဘ ရအောင် ဘုန်းကြီးအောင် စသည်ပေါ့လေ။ ဒီလိုဟာတွေ။ အဲဒါတွေနဲ့ပဲ ပြောပါလိမ့်မယ်တဲ့။ ပြောပေမဲ့လို့လည်း သူက မသိဘူးတဲ့။ ကိုယ့်ဥစ္စာကိုယ် လမ်းမှားနေမှန်းဘာမှန်း မသိဘဲ ရှိလိမ့်မယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ တရားဆိုတာ အားထုတ်မထားလို့ရှိရင် တယ်မသိဘူး။ တရားအားထုတ် မထားရင် ကိုယ့်မှာ လောဘ၊ဒေါသ၊မောဟ တွေ မကောင်းတာတွေ ဖြစ်နေတာကို မကောင်းမှန်း တယ် မသိဘူး။ တရားနှလုံးသွင်း အားထုတ်ပြီးထားတဲ့ အခါကျတော့ အစထဲက စိတ်သန္တန် တွေက သိမ်မွေ့နူးညံ့ပြီးတော့ နေတော့ မကောင်းတဲ့ တရား ၀င်လာရင် အင်မတန်သိတာပဲ။ လောဘ ဖြစ်လာတာ သိတယ်။ ဒေါသ ဖြစ်လာတာ သိတယ်။ ကိုယ့် ရိုးရိုးလေး အတွက် ငဲ့ပြီးတော့ ပြောမိ ဆိုမိတာလေးတွေ သိတယ်။ သူတစ်ပါးတွေကို မရိုမသေ ပြောမိတာတွေ ကိုယ်လွဲမှားသွားတာလေးတွေ အင်မတန်သိတာပဲ။ အင်မတန် ထင်ထင်ရှားရှား သိတယ်။ ချို့ယွင်းသွားလို့ရှိရင် ချို့ယွင်းသွားမှန်း သိပ်သိတယ်။ တစ်ကြိမ်တစ်ခါ နှုတ်ချို့ယွင်း သွားလို့ ပြောမိသွားရင် နောက်ဆက်ပြီးတော့ မပြောဘူး။ မှားသွားပြီဆိုရင်။ ထိန်းသိမ်းတယ်။ တရားနှလုံးသွင်း အားထုတ်မှု မရှိတဲ့ ပုဂ္ဂိုလ်ကတော့ ထိန်းသိမ်းတဲ့ နည်းလည်း သူ့ရှိတာမှ မဟုတ်ဘဲ။ ရှိတာမဟုတ်တဲ့ အခါကျတော့ နင်းကန်ပြီးတော့ပြော သူများတွေကို ချိုးဖဲ့ပြော သူများဟုတ်တာတွေကို မဟုတ်တာလုပ်ပြီး တရားမှန်တွေ တရားမှားလုပ်ပြီး သကာလပြော မိမိဘုန်းကြီးအောင် လာဘ်လာဘ ပေါများအောင် သူများတွေ အထင်အမြင်ကြီးအောင် လျှောက်ပြီး သကာလပြော ဒါတွေလုပ်တော့ သူ့ဥစ္စာ မကောင်းတာတွေ လုပ်နေတာပဲ. မည်းညစ်တဲ့ အကုသိုလ်တရားတွေ သူ့ကိုဝင်နေတာ ဒါပေမဲ့လို့ သူမသိဘူးတဲ့။ အဲဒါဟာ သမထ ၀ိပဿနာ ကိုယ်ကျင့်တရား တွေပျက်လို့ စောင့်စည်းတဲ့ ၀ိနည်းကျင့်ဝတ်တွေ။ ၀ိနည်း ကျင့်ဝတ်တွေ ပျက်တော့ကို သမထ ၀ိပဿနာ တရားတွေ ပျက်သွားတာ။ ဒါဟာ အနာဂတ် ဘေးတစ်ခုပါပဲ။ တတိယ အနာဂတ်ဘေး တဲ့။ အဲဒါ မပျက်အောင် စောင့်စည်းရမယ်။ လိုပါတယ်။” အင်္ဂလိပ်စကားပုံ၌ Little knowledge is dangerous. ဟူ၍ ရှိသည်။ လောကနီတိ ဆရာကလည်း အပ္ပပညော မဟာသကော အပ္ပပူရော ဃဋ္ဋောခေါဘေ (ညံ့လွန်းလျင်လည်း အန္တရာယ်မရှိ။ တော်လွန်းရင်လည်း အန္တရာယ်မရှိ။ မညံ့တညံ့(၀ါ) မကျက် တကျက် သာ အန္တရာယ် ရှိတယ်) ဟူ၍ ဆိုသည်။ အခြားအနာဂတ် ဘေးများကိုလည်း ထိုက်သင့်သလို တင်ပြပေးသွားပါမည်။ သုတ ပညာ တိုးပွားကြပါစေ။
Follow

Get every new post delivered to your Inbox.