Indrew

ဝေဒနာနုပဿနာတရားတော်ကြီး ပထမပိုင်း

In ဝေဒနာနုပဿနာတရားတော် on April 9, 2009 at 6:49 pm
ဝေဒနာနုပဿနာတရားတော်ကြီး ပထမပိုင်း မဟာစည်ဆရာတော် (၁၃၁၃ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့ည အသံလွှင့်ဟောကြားသည်)

ဒီကနေ့ ဟောမည့် တရားတော်ကတော့ ဝေဒနာနုပဿနာ တရားတော်ကြီးဖြစ်တယ်။ ကိုယ်ထဲစိတ်ထဲက ခံစားမှု အမျိုးမျိုးတွေကို ရှုပြီး အသိဥာဏ်ထူးဖြစ်ပေါ်ပုံကို ဟောမည့် တရားတော်ကြီးလို့ ဆိုလိုတယ်။

ခံစားမှု ဝေဒနာဆိုတာ သုံးမျိုးရှိတယ်။ အာရုံကောင်းတွေနဲ့ တွေ့တွေ့ပြီး ကိုယ်ထဲ စိတ်ထဲမှာ ကောင်းကောင်း သွားတာကို “သုခဝေဒနာ” လို့ ခေါ်တယ်။ အာရုံဆိုးတွေနဲ့ တွေ့တွေ့ပြီး ကိုယ်ထဲ စိတ်ထဲမှာ အနေဆိုး အခံခက်သွားတာကို “ဒုက္ခဝေဒနာ” လို့ ခေါ်တယ်။ မဆိုးမကောင်း အလယ်အလတ် နေသာရုံဖြစ်နေတာကိုတော့ “ဥပက္ခောဝေဒနာ” လို့ ခေါ်တယ်။

ဒီဝေဒနာဟာ နာမ်တရားထဲမှာဆိုရင် အထူးထင်ရှားတဲ့ တရားတစ်မျိုးပဲ။ ပြီးတော့ သူ့ကို အမှန်အတိုင်း သိဖို့လဲ အလွန် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ လောကမှ သတ္တ၀ါတွေက ဒီခံစားမှုကလေးကို အမှန်အတိုင်း မသိကြတဲ့ အတွက် အလွန် အထင်ကြီး နေကြတယ်။

ဒီခံစားမှုကိုပဲ “သတ္တ၀ါကောင်” လို့ ထင်နေကြတယ်။ “ဧရာမချမ်းသာကြီး ” လို့ပဲ ထင်နေကြတယ်။ ကောင်းစား ချမ်းသာမှု ကလေးတွေ ဖြစ်နေတဲ့ အခါမှာဆိုရင် “ငါကောင်းနေတယ်။ ငါချမ်းသာနေတယ်” လို့ ဒီလိုထင်နေကြတယ်။ ဆင်းရဲမှုကလေးတွေ ဖြစ်နေတဲ့ အခါမှာလဲ “ငါဆင်းရဲနေတယ်”လို့ ဒီလိုထင်နေကြပြန်တယ်။

ဒီလို ထင်နေကြတဲ့ အတွက် “ငါကောင်းစားချမ်းသာရအောင် ငါနဲ့ စပ်တဲ့ သူကလေးတွေ ကောင်းစား ချမ်းသာရအောင်” ဒီလိုရည်ရွယ်ပြီး အမျိုးမျိုး ရှာကြံ အားထုတ် နေကြရတယ်။ အိပ်ရာ နိုးကတည်းကစပြီး တစ်နေလုံး တစ်ညလုံး အချိန်နာရီရှိတိုင်း “ငါချမ်းသာဖို့ ငါနဲ့စပ်တဲ့လူတွေ ချမ်းသာဖို့” ကြံစည်အားထုတ် နေကြရတယ်။ ဒီလိုအားထုတ်ပေမဲ့ အားထုတ်တိုင်းလည်း ချမ်းသာတာတော့ မဟုတ်ပါဘူး။ ကိုယ်ထင်ကြေးနဲ့ မကိုက်ဘဲ ဆင်းရဲဒုက္ခရောက်နေကြတာတွေ အများကြီးပါပဲ။ ဒါကြောင့် သတ္တ၀ါတွေဟာ တလှုပ်လှုပ်တရွရွနဲ့ ဒုက္ခတွေရောက်နေကြတာပဲ။

အပါယ်လေးပါးကို ကျရတာလဲ ဒီခံစားမှုကို အမှန်အတိုင်းမသိလို့ပဲ။ ဘ၀အသစ် အသစ်တွေဖြစ်ပြီး အိုရ၊ နာရ၊ သေရ၊ စိုးရိမ်ပူဆွေးရ ငိုကြွေးရဆိုတဲ့ ဒီလိုဘေးဆိုး ဒုက္ခဆိုးကြီးတွေနဲ့ ရင်ဆိုင်တွေ့နေကြရတာတွေလဲ တခြားကြောင့် မဟုတ်ပါဘူး။ မရှုမမှတ်လို့ပါပဲ။

ဒါကြောင့် ဒီခံစားမှုကို အမှန်အတိုင်း သိအောင် ရှုမှတ်ဖို့ရာ အလွန်ပဲ အရေးကြီးပါတယ်။ ဒီလိုအရေးကြီးတဲ့ အတွက်ပဲ မြတ်စွာဘုရားက ဒီဝေဒနာနုပဿာနာ ကို သုတ်ပေါင်းများစွာမှာ အကြိမ်ကြိမ် အထပ်ထပ် ဟောထားခဲ့တယ်။ မဟာသတိပဋ္ဌာနသုတ် မှာဆိုရင် ဒီဝေဒနာ ၉ မျိုးခွဲခြားပြီး ဟောကြားခဲ့တယ်။ ခွဲခြားပုံကတော့ သုခ၊ ဒုက္ခ၊ ဥပေက္ခာလို့ ဒီလိုသာမန်ဝေဒနာက သုံးမျိုး၊ သာမိသ သုခ၊ သာမိသ ဒုက္ခ၊ သာမိသ ဥပေက္ခာ လို့ ဒီလိုသာမိသ ဝေဒနာက သုံးမျိုး နိရာမိသ သုခ၊ နိရာမိသ ဒုက္ခ၊ နိရာမိသ ဥပေက္ခာလို့ ဒီလို နိရာမိသ ဝေဒနာသုံးမျိုး ဒီလိုသုံးမျိုးသုံးလီ ၉ မျိုးခွဲခြားပြီး ဟောထားတယ်။ ဒီလို၉ မျိုးထဲမှာ ပထမဆုံး သုခဝေဒနာ ရှုပုံကို ဒီလို ဟောထားတယ်။

“သုခံဝါ ဝေဒနံ ဝေဒယမာနော- ချမ်းသာတဲ့ ခံစားမှကို ခံစားလျှင်လဲ၊ သုခံဝေဒနံ ဝေဒယာ မီတိ- ချမ်းသာတဲ့ ခံစားမှုကို ခံစားရသည်ဟု ပဇာနာတိ- သိ၏” တဲ့။

ကိုယ်ထဲမှာ စိတ်ထဲမှာ ချမ်းသာမှုဖြစ်ပေါ်ရင်လဲ အဲဒီချမ်းသာမှုကို စူးစိုက်ပြီး ချမ်းသာတယ်၊ ချမ်းသာတယ်လို့ ဒီလိုရှုမှတ်ပြီး သိရမယ်တဲ့။ ချမ်းသာတယ်ဆိုတဲ့ စကားကတော့ စာသုံးစကားပဲ။ အရပ်သုံးစကားဆိုရင်တော့ ကိုယ်ထဲက ချမ်းသာမှုကို နေသာတယ်လို့လဲ ခေါ်ရတယ်။ စိတ်ထဲက ချမ်းသာမှုကိုတော့ ၀မ်းသာတယ်၊ ပျော်ရွှင်တယ် စသည်ဖြင့်လဲ ခေါ်ရပါတယ်။ အများအားဖြင့်ဆိုရင်တော့ အဲဒီချမ်းသာ ၂ မျိုးလုံးကို ကောင်းတယ်လို့ပဲ ခေါ်ဝေါ် ပြောဆိုလေ့ ရှိကြပါတယ်။ ဒါကြောင့် အဲဒီချမ်းသာမှုကို ကိုယ်ခေါ်နေကျအတိုင်း နေသာတယ် နေသာတယ်လို့လဲ ရှုမှတ်နိုင်ပါတယ်။ ၀မ်းသာတယ် ၀မ်းသာတယ် စသည်ဖြင့်လဲ ရှုမှတ်နိုင်ပါတယ်။ ကောင်းတယ် ကောင်းတယ်လို့လဲ ရှုမှတ်နိုင်ပါတယ်။

ယခုပြောခဲ့တဲ့ အတိုင်း ချမ်းသာမှုကို စူးစိုက်ပြီး ရှုမှတ်နေရင် အဲဒီချမ်းသာမှု သုခဝေဒနာကို သဘော အမှန်အတိုင်း သိတယ်။ အဲဒီလို သုခဝေဒနာရဲ့ သဘောအမှန်ကို သိတာဟာ ဝေဒနာနုပဿနာ ပါပဲ။ ဒီနေရာမှာ သဘောအမှန်ကို သိတယ် ဆိုတာက “လောကီသုခသဟဂုတ်စိတ် ၃၁ မှာရှိတဲ့ ဝေဒနာကို သုခဝေဒနာ ခေါ်တယ် “လို့ ဒီလို သုတမယ ဥာဏ်လောက်နဲ့ မှန်းဆဆင်ခြင်ပြီး သိတာမျိုးကို ဆိုလိုတာ မဟုတ်ဘူး။

ကိုယ်သန္တန်မှာ တကယ်ဖြစ်ပေါ်နေတဲ့ ခံစားမှုကလေးကို ရှုမှတ်ပြီးတော့ သေသေချာချာ သိသိသွားတာကို ဆိုလိုတယ်။ ဒါကြောင့် သတိပဋ္ဌာနသုတ် ပါဠိတော်မှာ “ဝေဒယမာနော – ခံစားနေတုန်း သိရမယ်” လို့ ဆိုထားတာပေါ့။ ဒီလိုတကယ်ဖြစ်နေတဲ့ ခံစားမှုကို လက်နဲ့ ကိုင်ကြည့်သလို သေသေချာချာ သိနေရင် ကျမ်းဂန်အဆိုတွေ စာညွှန်းတွေနဲ့ ထပ်ပြီး ဆင်ခြင်နေဖို့ မလိုတော့ပါဘူး။ ဥပမာ ဆင်ကောင်ကြီးကိုလဲ သေသေချာချာ တွေ့မြင်နေတဲ့ လူမှာ ဆင်ရုပ်ရေးကြည့်ဖို့ မလိုတော့သလိုပါပဲ။

သို့ပေမဲ့ မသိနားမလည်သေးတဲ့ ပုဂ္ဂိုလ်တွေကတော့ ဒီလိုမေးစရာရှိတယ်။ ဘယ်လိုလဲဆိုတော့ “ချမ်းသာရင် ချမ်းသာတယ် လို့သိတာ ကောင်းရင် ကောင်းတယ်လို့ သိတာဟာ လူတိုင်း လူတိုင်း သိနေတာမျိုးပဲ မဟုတ်လား၊ လူကြီးတွေတင် မကသေးဘူး။ နို့စို့ ကလေးသူငယ်များ တောင်မှ ဒီလိုပဲ သိနေကြမယ် မဟုတ်လား၊ ဒီတော့ ရှုမှတ်ပြီးသိတာနဲ့ မရှုမှတ်ဘဲ အလိုလိုသိနေတာဟာ အတူတူပဲ မဟုတ်ပေဘူးလား” လို့ ဒီလိုမေးစရာရှိတယ်။

မေးဆိုတာကတော့ မသိနားမလည်တဲ့လူတွေရဲ့ လုပ်ငန်းစဉ်ပဲ။ မသိမေး မစင်ဆေးဆိုတဲ့ လောက ပရိယာယ် ဘာသာစကား အတိုင်းပဲ မသိရင်တော့ မေးကြပေလိမ့်မယ်။ ဒီလိုမေးတော့ သိတဲ့ ပုဂ္ဂိုလ်က ဖြေရှင်းရုံ ရှိတာကိုး။ ဒါကြောင့် ဒီနေရာမှာ ဘုရားရှင်ရဲ့ ရည်ရွယ်ချက်တို့ကိုလဲ အဋ္ဌကထာဆရာက ဖြေရှင်းထားပါတယ်။ ဟော သူပြောဆိုပုံကို ယခု နားထောင်ကြရမယ်။

အဋ္ဌကထာဆရာ၏ ဖြေရှင်းချက်

လူကြီးတွေတွင် မကဘူး၊ နို့စို့ကလေးသူငယ်များတောင်မှ ချမ်းသာတယ် ကောင်းတယ်လို့ သိကြတာကတော့ မှန်ပါတယ်တဲ့၊ သို့ပေမဲ့ မရှုမမှတ်ရဘဲ အလိုလိုသိနေတာနဲ့ ရှုမှတ်ပြီး သိတာကတော့ မတူပါဘူးတဲ့။ ပြောင်းပြန်ကို ထူးခြားနေပါတယ်တဲ့။ ထူးခြားပုံကတော့ ရှုမှတ်မှု မရှိတဲ့ လူတွေဆိုတာဟာ လူကြီးပဲဖြစ်ဖြစ် ကလေးပဲဖြစ်ဖြစ် သိပုံချင်း အတူတူပါပဲ။ လူကြီးက ပိုပြီးထူးထူးခြားခြား သိတယ်လို့ ဂုဏ်မယူနိုင်ပါဘူး။ အဲ သူတို့ အကုန်လုံးဟာ နိစ္စ သုခ အတ္တ အနေနဲ့ချည်း သိနေကြတာပါပဲ။

သူတို့ရဲ့သိပုံကို စစ်ဆေးပြရလျှင် ရှုမှတ်မှုကင်းတဲ့ သူတွေဟာ ချမ်းသာကို သိတယ်ဆိုပေမဲ့ အဲဒီချမ်းသာမှုကို ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်းလဲ သိကြတာမဟုတ်ပါဘူး။ အများအားဖြင့် ဆိုရင် နေ့ရော ဥာဥ့်ပါ အခါခပ်သိမ်း တခြားတစ်ပါးတွေကို ကြံစည်စဉ်းစားရင်း အချိန်ကုန်နေတာကသာ များကြပါတယ်။ တစ်ခါတစ်ရံလောက်ပဲ သိနိုင်ကြပါတယ်။ ဒီလိုသိပြန်တော့လဲ ခံစားမှု သဘောတရားအနေနဲ့ မသိကြ မထင်ကြပါဘူး။ “ငါချမ်းသာနေတယ်၊ ငါကောင်းနေတယ်” လို့ ဒီလိုအတ္တကောင် အနေနဲ့သာ ထင်မြင်စွဲလမ်းနေကြပါတယ်။

ပြီးတော့ အသစ်အသစ် ဖြစ်ဖြစ်ပြီး တစ်ခဏချင်း ပျက်ပျက်သွားတဲ့ အနေ မမြဲတဲ့ အနေနဲ့ လဲ မသိကြ မထင်ကြပါဘူး။ “အလျင်က ရှိနေတဲ့ ငါကပဲ ယခု ချမ်းသာကောင်းစားနေတယ်”လို့ ဒီလို မြဲတဲ့ အနေနဲ့သာ ထင်မြင်စွဲလန်းနေကြတယ်။ ဒီတော့ ဒီလိုအသိဟာ အတ္တကောင် ငါကောင်လို့ ထင်နေတဲ့ မူလက အသိအစွဲနဲ့ အတူတူပဲ မဟုတ်လား။

အတူတူဖြစ်တဲ့ အတွက် အတ္တကောင် ငါကောင်လို့ ထင်နေတဲ့ မူလက အသိအစွဲကို မပယ်နိုင်တဲ့ပြင် သူက ထပ်ပြီးတော့တောင် ထောက်ခံချက်ပေးနေပါသေးတယ်။ ဒါကြောင့် ရှုမှတ်ခြင်း မရှိဘဲနဲ့ အလိုလိုသိနေတယ် ဆိုတဲ့ ဒီလိုအလေ့ပေါက် အသိမျိုးဟာ “ကမ္မဋ္ဌာန်းလဲ မဖြစ်ဘူး၊ သတိပဋ္ဌာန်ဘာဝနာလဲ မဖြစ်ဘူး။ ဒီလိုအသိမျိုးကို မြတ်စွာဘုရားက ရည်လဲမရည်ရွယ်ပါဘူး “တဲ့။

အနို့ ဒါဖြင့် ဘယ်လိုအသိကို ရည်ရွယ်ပါသလဲဆိုတော့ ကိုယ်ထဲစိတ်ထဲ မှာ ဖြစ်ပေါ်လာတဲ့ ချမ်းသာမှု ကောင်းစားမှုကလေးတွေကို ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်း စူးစူးစိုက်စိုက် မပြတ်ရှုမှတ်သိနေတဲ့ ယောဂီရဲ့ အသိကိုသာ ရည်ရွယ်ပါတယ်တဲ့။

တည့်တည့် ပြောရရင် ကိုယ်ထဲ စိတ်ထဲ ချမ်းသာမှုကလေးတွေ ဖြစ်နေတဲ့ အခါမှာ ချမ်းသာတယ်ထင်ရင်လဲ “ချမ်းသာတယ် ချမ်းသာတယ်” လို့ မှတ်ရမယ်၊ ၀မ်းသာတယ် ထင်ရင်လဲ “၀မ်းသာတယ် ၀မ်းသာတယ်”လို့ မှတ်ရမယ်။ ကောင်းတယ် ထင်ရင်လဲ “ကောင်းတယ် ကောင်းတယ်” လို့ မှတ်ရမယ်၊ ဒီလိုမှတ်ပြီး ချမ်းသာမှုရဲ့ သဘောမှန်ကို သိရမယ်လို့ ဆိုလိုပါတယ်.။

သဘောမှန်ကို သိတယ်ဆိုတာလဲ သဘာဝလက္ခဏာနဲ့သိတာရယ်၊ ရသနဲ့သိတာရယ် ပစ္စုပဋ္ဌာန်နဲ့ သိတာရယ် ပဒဋ္ဌာန်နဲ့ သိတာရယ် ပြီးတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာတွေနဲ့ သိတာရယ် ဒီလိုသိတာကို ဆိုလိုပါတယ်တဲ့။

“အာရုံကောင်းများ ခံစားတတ်သည်
စိတ်အဖော်များ ရွှင်ပွားစေသည်
ကိုယ်စိတ်ထဲမှာ ကောင်လှထင်သည်
ချမ်းသာမှု မှတ်ရှုမြတ်ယောဂီ” တဲ့။

ဒီဆောင်ပုဒ်ထဲမှာ “အာရုံကောင်းများ ခံစားတတ်သည်” ဆိုတာဟာ အာရုံကောင်းတွေ ခံစားပြီး ကောင်းနေတာဟာ သုခဝေဒနာ ရဲ့ သဘောလက္ခဏာပဲ ။ အဲဒါကို ယောဂီဟာ ရှုမှတ်ရင်း သိသိသွားရမယ်လို့ ဆိုလိုတယ်။ “စိတ်အဖော်များ ရွှင်ပွားစေသည်” ဆိုတာကတော့ စိတ်စေတသိက်ဆိုတဲ့ ဝေဒနာနဲ့ အဖော်တွေကို ရွှင်လန်းတိုးတက် စေတာဟာ သုခဝေဒနာရဲ့ စွမ်းရည်သတ္တိ ရသတဲ့။ အဲဒါကိုလည်း ရှုမှတ်ရင်းသိသိသွားရမယ် လို့ ဆိုလိုတယ်။ “ကိုယ့်စိတ်ထဲက ကောင်းလှထင်သည်” ဆိုတာကတော့ ကိုယ်ထဲစိတ်ထဲမှာ “ကောင်းလိုက်တာ ကောင်းလိုက်တာ”လို့ ထင်ရတာ ကလေးတွေ သုခဝေဒနာရဲ့ အခြင်းအရာ အခြေအနေ ပစ္စုပဋ္ဌာန်ပဲ၊ အဲဒါကိုလည်း ရှုမှတ်ရင်း သိသိသွားရမယ်လို့ ဆိုလိုပါတယ်။

“ချမ်းသာမှု မှတ်ရှု မြတ်ယောဂီ “ဆိုတာကတော့ ချမ်းသာမှု သုခဝေဒနာ ဖြစ်တိုင်း ရှုမှတ်ပြီး ယခုပြောခဲ့တဲ့ “လက္ခဏာ”နဲ့ ဖြစ်ဖြစ်၊ “ရသ “နဲ့ ဖြစ်ဖြစ် ” ၊ “ပစ္စုပဋ္ဌာန် “နဲ့ဖြစ်ဖြစ် သိသိသွားရမယ်လို့ ဆိုလိုတယ်။

ဒါကြောင့်-
“အာရုံကောင်းများ ခံစားတတ်သည်
စိတ်အဖော်များ ရွှင်ပွားစေသည်
ကိုယ်စိတ်ထဲမှာ ကောင်းလှထင်သည်
ချမ်းသာမှု မှတ်ရှုမြတ်ယောဂီ”

ဆိုတဲ့ ဆောင်ပုဒ် ကလေး ကိုလည်း အရ ကျက်မှတ် ထားကြရမယ်။ ကိုယ်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ချမ်းသာမှု ကလေးကို ဖြစ်ဆဲမှာသာ စူးစိုက်ပြီး ရှုမှတ်ကြည့်ပါ။ ယခုပြောခဲ့တဲ့ အတိုင်း “လက္ခဏာ နဲ့ရော၊ ရသနဲ့ရော ပစ္စုပ္ပဋ္ဌာန်နဲ့ရော” သိနိုင်ပါတယ်။

ဒီလို “လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်” နဲ့ သိတယ်ဆိုရင် ကောင်းတဲ့ အာရုံတွေရလို့ ကောင်းကောင်း သွားတယ်ဆိုတဲ့ သူ့အကြောင်း “ပဒဋ္ဌာန်” ကိုလဲ သိသွားတော့ တာပါပဲ။ ဒီနေရာမှာ သုခဝေဒနာ ထက် ဒုက္ခဝေဒနာက သာပြီး ထင်ရှားသေးတယ်။ အဲဒီ ဒုက္ခဝေဒနာ ထင်ရှားပုံကိုတော့ ဒုက္ခဝေဒနာ ရှုပုံအပိုင်းကျမှ ဟောရမယ်။

ယခုပြောခဲ့တဲ့ သုခဝေဒနာ ကို ဖြစ်တိုင်းဖြစ်တိုင်း ရှုမှတ်ပြီး သဘောမှန်ကို သိရင် အဲဒီ ချမ်းသာမှုလေးရဲ့ အစပေါ်လာမှုဖြစ်မှု ကိုလည်း ထင်ရှား သိတော့တာပဲ။ ကုန်ဆုံးပျောက်ကွယ် သွားတာကိုလည်း ထင်ရှားသိတော့တာပဲ။ ဒီတော့ ချမ်းသာမှု ကလေးတွေကို တစ်ခုစီ တစ်ပိုင်းစီ တစ်ပိုင်းစီ ခွဲခြားပြီး သိနိုင်တယ်။ ဒါကြောင့် အလျင်တုန်းက တစ်ယောက်တည်း ရယ်လို့ ထင်ရတဲ့ သန္တတိ ပညတ်ဟာ ယခု သူ့အလိုလို ပျက်သွားပါရော။

ဒီလို သန္တတိပညတ် ပျက်သွားတော့ “ဖြစ်ပေါ်ပြီး ပျက်ပျက်သွားလို့ မမြဲဘူး”ဆိုတဲ့ အနိစ္စ လက္ခဏာဟာလည်း သူ့အလိုလိုပဲ ထင်ရှားပေါ်လာပါတယ်။

ပြီးတော့” ဖြစ်လိုက်ပျက်လိုက်နဲ့ ဖြစ်မှု ပျက်မှုက မပြတ် နှိပ်စက်နေလို့ ဘာမှ အားမကိုးလောက်ဘူး။ ဆင်းရဲပဲ ” ဆိုတဲ့ ဒုက္ခ လက္ခဏာဟာလည်း သူ့အလိုလိုပဲ ထင်ရှားပေါ်လာပါတယ်။

ပြီးတော့ “ကိုယ့်အလိုအတိုင်း မဖြစ်ဘဲ သူ့သဘော အတိုင်းချည်း ဖြစ်ပျက်နေလို့ အစိုးမရဘူး၊ ငါကောင်မဟုတ်ဘူး “ ဆိုတဲ့ အနတ္တ လက္ခဏာလည်း သူ့အလိုလို ထင်ရှားပေါ်လာပါတယ်။

ဒီလို ထင်ရှား ပေါ်လာတဲ့အတွက် ယောဂီဟာ သုခဝေဒနာ ကို ရှုမိတိုင်းရှုမိတိုင်း “ခံစားတတ်တဲ့ ငါကောင်မရှိဘူး။ ကောင်းစားချမ်းသာနေတဲ့ ငါကောင်မရှိဘူး။ အာရုံကောင်းကလေးတွေနဲ့ တွေ့တွေ့ပြီး အသစ်အသစ် ဆင့်ကာဆင့်ကာ မပြတ်ဖြစ်နေတဲ့ ခံစားမှု အပေါင်းမျှသာ ရှိတယ်” လို့လည်း ရှင်းရှင်းကြီး သဘောကျကျသွားပါတယ်။

ဒါကြောင့် “ကောဝေဒယတိ-ဘယ်သူခံစားတာလဲ၊ ခံစားတတ်တဲ့ အတ္တကောင်ရှိသလား” ဆိုတဲ့ ဟောဒီ ပထမ မေးခွန်းကိုလည်း ပြေလည်အောင် သိသွားပါတယ်။

ပြီးတော့ “ခံစားမှုရဲ့ ပိုင်ရှင် အတ္တကောင်ရယ်လို့ မရှိဘူး။ ခံစားမှုမျှ ရှိတာပဲ ” လို့ အသိရှင်းနေတဲ့ အတွက် “ကဿဝေဒနာ- ဘယ်သူရဲ့ ခံစားမှုလဲ၊ ခံစားမှုရဲ့ ပိုင်ရှင် အတ္တကောင်ရှိသလား” ဆိုတဲ့ ဟောဒီ ဒုတိယ မေးခွန်းကိုလည်း ပြေလည်အောင် သိသွားပါတယ်။

ပြီးတော့ “အာရုံကောင်း ကလေးတွေနဲ့ တွေ့တွေ့ပြီး ချမ်းသာမှု ကောင်းစားမှု အသစ်အသစ် ဖြစ်နေရုံမျှပဲ”လို့ အသိရှင်း နေတဲ့ အတွက် “ကိံကာရုဏာ ဝေဒနာ ဘယ်အကြောင်းကြောင့် ခံစားမှု ဖြစ်သလဲ ” ဆိုတဲ့ ဟောဒီ တတိယ မေးခွန်းကိုလည်း ပြေလည်အောင် အသိရှင်းနေပါတယ်။

ယခုပြောတဲ့ အတိုင်း မေးခွန်း(၃) ချက် အရ ပြေလည်အောင် အသိရှင်းနေတာကို သမ္ပဇာနဥာဏ် လို့ခေါ်တယ်။ အသမ္မောဟသမ္ပဇဉ် ဆိုတာလည်း ဒီဥာဏ်ပါပဲ။ ကိုယ်ထဲ စိတ်ထဲမှာ မပြတ်ဖြစ်နေတဲ့ ခံစားမှုတွေကို စူးစိုက်ပြီး မပြတ်မှတ်နေရင် အသမ္မောဟသမ္ပဇဉ် ခေါ်တဲ့ အသိဥာဏ် ဖြစ်ပေါ်လာတာကို ကိုယ်တိုင်ပဲ တွေ့ရပါတယ်။

ဒီလို အသိဥာဏ်ကတော့ ခံစားမှု ဟူသမျှကို “သဘောတရားမျှ” အနေနဲ့လည်း သိနေတယ်။ “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” လို့လည်း ရှင်းလင်းစွာ သိနေတယ်။

ဒီနေရာမှာ သိ ဆိုတာက တကယ့်ကိုတာပဲ။ စဉ်းစားဆင်ခြင်ပြီး ယုံကြည်ရုံမျှ သဘောကျရုံမျှကို သိတယ်လို့ မဆိုလိုပါဘူး။

ဒီလို တကယ်သိ နေတဲ့ အတွက် ခံစားမှုကို ငါကောင်လို့ ထင်မြင်စွဲလန်းခဲ့တဲ့ အယူမှားကိုလည်း ပယ်ဖျောက်နိုင်တယ်။ “ပယ်ဖျောက်” ဆိုတာ ကတော့ အလင်းရောင် ပေါ်လာတော့ အမှောင်ပျောက် သွားတာမျိုးပဲ၊ “အမှန်အတိုင်း သိလိုက်တာနဲ့ မူလကရှိနေတဲ့ အသိမှာ အထင်မှားတွေ အလိုလို ပျောက်သွားတာ“ကိုပဲ ဆိုလိုပါတယ်။

ဒါကြောင့် ရှုမှတ်ပြီး သိနေတဲ့ ယောဂီရဲ့ ဒီသမ္ပဇဉ်အသိ ဟာ ကမ္မဋ္ဌာန်းလည်း ဖြစ်ပါတယ်။ ဒီလိုအသိကိုပဲ ရည်ရွယ်ပြီးတော့ မြတ်စွာဘုရားက ချမ်းသာရင် “ချမ်းသာတယ် ချမ်းသာတယ်” လို့ ရှုမှတ်ပြီး သိဖို့ ဟောတော်မူတာပါပဲတဲ့။

အဲ ယခုပြောခဲ့တာဟာ အဋ္ဌကထာဆရာရဲ့ ဖြေရှင်းချက်ပါပဲ။ ကဲ ရှင်းကြရဲ့ မဟုတ်လား။ မရှင်းသေးရင်လည်း ကိုယ်တိုင်သာ အားထုတ် ကြည့်ကြပေတော့။ အားထုတ်ကြည့်လို့ ကိုယ်တိုင်တွေ့တဲ့ အခါကျတော့ အဲဒီ ကိုယ်တိုင်တွေ့ အသိ တွေက ယုံမှားတွေဝေမှု ကို ရှင်းလင်း သုတ်သင်သွား ပါလိမ့်မယ်။

ဟော- အချိန်က ကုန်သွားပြီ။ ဟောစရာတွေ ကတော့ အများကြီးပဲ ကျန်သေးတယ်။ ယခုဟောခဲ့တဲ့ ဝေဒနာ ၉-ပါးရှိတဲ့ အနက်က သုခဝေဒနာ လောက်သာ ပြီးခဲ့သေးတယ် ဝေဒနာ ရှစ်ပါးတောင် ကျန်သေးတယ်။ ဒီလိုကျန်နေတာတွေကိုတော့ နောင်အခွင့်သာတဲ့ အခါကျမှ ဆက်ပြီး ဟောရတော့မှာပဲ။ ယခုတော့ ဒီဝေဒနာ နုပဿနာ တရားတော်ကို ပထမပိုင်း အဖြစ်နဲ့ ဒီတင်ပဲ အဆုံးသတ်ကြစို့။

ယခုပြောခဲ့တဲ့ နည်းအမြွက်နှင့် အညီ ဝေဒနာနုပဿနာ လုပ်ငန်းစဉ်ကို မှန်ကန်စွာ အားထုတ်နိုင်ကြ၍ ဆင်းရဲ ခပ်သိမ်းတို့၏ ငြိမ်းရာဖြစ်သော နိဗ္ဗာန် တရားတော်မြတ်ကို မဂ်ဥာဏ် ဖိုလ်ဥာဏ်တို့ဖြင့် လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။

ဝေဒနာနုပဿနာတရားတော် ပထမပိုင်းပြီး၏။

  1. […] ဝေဒနာသုံးပါးလုံးကြုံတွေ့ရှူသိအပ်ပုံ In ဝေဒနာနုပဿနာတရားတော် on May 6, 2009 at 3:48 pm ဖတ်ရန်-ဝေဒနာနုပဿနာ တရားတော် ပထမပိုင်း […]

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: